ရန်ကုန် ဇူလိုင် ၇
အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၄) ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mrs. Aya Saad Mohamed Abdelkarim နှင့် တာဝန်ရှိသူများက အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ဧည့်ခံပွဲတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အီဂျစ်အာရပ်သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့က အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၄) ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။
ဆက်လက်၍ သံအမတ်ကြီးက ဧည့်ခံပွဲတက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါဧည့်ခံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်
