နေပြည်တော် ဒီဇင်ဘာ ၂၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၏ (၅) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက မူပိုင်ခွင့်ဦးစီးဌာနသည် စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရန်ဟူသည့် ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည့် မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ယခု ၅ နှစ်တာကာလအတွင်း ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင် နိုင်ခဲ့သည့်အပြင် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ဌာနတစ်ခု ဖြစ်ပါကြောင်း။
လျှောက်ထားချက်များကို စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြပြီး မူပိုင်ခွင့်ပိုင်ရှင်များအတွက် တိကျသော စစ်ဆေးမှုရလဒ်များ နှင့် စိတ်ကျေနပ်စေမည့် ဝန်ဆောင်မှုများ ပေးနိုင်ရန် ကြိုးစားသွားကြစေလိုပါကြောင်း၊ နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ-၂၀၂၅ ကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် မူပိုင်ခွင့်ကဏ္ဍနှင့်စပ်လျဉ်း၍ ရလဒ်ကောင်းများ ရရှိခဲ့ပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များ၊ ဝန်ကြီးဌာနက ချမှတ်ထားသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ဌာနတစ်ခုအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန်အတွက် ခိုင်မာသော မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်၏ မူပိုင်ခွင့်စနစ်တစ်ရပ် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြု တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
