ရန်ကုန် ဩဂုတ် ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာနိုင်ငံဘော်လီဘော ဒိုင်လူကြီး (Referee) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သင်တန်းနည်းပြများ၊ ဒိုင်လူကြီးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတစ်ဝန်း ဘော်လီဘောပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ ဥပဒေသများ ကျွမ်းကျင်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ အဂတိတရားကင်းမှု၊ သမာသမတ်ကျမှန်ကန်စွာဆုံးဖြတ်ပေးနိုင်သော ဒိုင်လူကြီးများဖြစ်စေရေးနှင့် ပြည်တွင်းသာမက အပြည်ပြည်ဆိုင်ရာ ဘော်လီဘောအဖွဲ့ချုပ် အသိအမှတ်ပြုဒိုင်လူကြီးများဖြစ်အောင် ကြိုးစားကြပြီး ဘော်လီဘောအားကစားဖြင့် မြန်မာ့အားကစားကို မြှင့်တင်ပေးနိုင်အောင် စွမ်းဆောင်ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းလိုအပ်ချက်များအား ဖြည့်စွက်မှာကြားသည်။
အဆိုပါ ဘော်လီဘောဒိုင်လူကြီးသင်တန်းသို့ သင်တန်းသား ၂၅ ဦး၊ သင်တန်းသူ ၁၅ ဦး စုစုပေါင်း ၄၀ တက်ရောက်ကြပြီး ဩဂုတ် ၁၀ ရက်မှ ၁၇ ရက်အထိ စာတွေ့ လက်တွေ့သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (သုဝဏ္ဏ) ဘောလုံးကွင်း၌ ကျင်းပသော AFC U-20 Women’s ASIAN Cup Thailand 2026 Qualifiers ပြိုင်ပွဲအုပ်စု (D) ပွဲစဉ်အဖြစ် မြန်မာ (U-20) အမျိုးသမီးအသင်းနှင့် အိန္ဒိယ (U-20) အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
သတင်းစဉ်