Skip to main content

အခြေခံစာကြည့်တိုက်သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ အသိပညာဗဟုသုတများ တိုးတက်ပြန့်ပွားအောင် စာအုပ်စာပေဖတ်ရှုလေ့လာခြင်းသည် အဓိကအရေးပါသည်ကို ပိုမိုသိရှိနားလည်လာစေရန်နှင့် စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို နားလည်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၏ အခြေခံစာကြည့်တိုက်သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။

တိုးတက်အောင်ဆောင်ရွက်

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယခုသင်တန်းတွင် စာကြည့်တိုက် စီမံခန့်ခွဲမှုဘာသာရပ်၊ ကတ်တလောက်လုပ်ငန်းဘာသာရပ်၊ မျိုးတူစုလုပ်ငန်းဘာသာရပ်နှင့် ရည်ညွှန်းလုပ်ငန်းဘာသာရပ် စသည့် ဘာသာရပ်လေးမျိုးတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များကို ဂရုတစိုက် နာယူမှတ်သားပြီး မိမိတို့တာဝန်ကျရာ နယ်မြေဒေသများတွင် ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များကို နည်းစနစ်တကျ မှတ်တမ်းများထားရှိခြင်း၊ စာအုပ်၊ စာစောင်များကို ငှားရမ်းဖတ်ရှုလိုသူများ လွယ်လင့်တကူ ရှာဖွေငှားရမ်းရရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားခြင်း စသည့်စာကြည့်တိုက်လုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ စာဖတ်ကြသူများအချင်းချင်း အသိပညာအမြင်ချင်းဖလှယ်သည့် စာဖတ်ဝိုင်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများကျင်းပပြီး အပြန်အလှန်ဆွေးနွေးစေခြင်းဖြင့် စာဖတ်ခြင်း၏ အနှစ်သာရကို ပေါ်လွင်စေကာ ဝန်ကြီးဌာနအတွင်းမှတစ်ဆင့် နိုင်ငံတော်အတွက် အားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

၃၁ ဦးဖြင့် ဖွင့်လှစ်သွားမည်

အဆိုပါ အခြေခံစာကြည့်တိုက်သင်တန်း(၁/၂၀၂၅)ကို ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ သင်တန်းသား သင်တန်း သူ ၃၁ ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်