နေပြည်တော် ဇူလိုင် ၂၁
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဦးစီးဌာနများမှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ သွင်းအားစုကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထားခဲ့ပြီး ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် မြေဩဇာတန်ချိန် ၉၃၉၆၆၂ ဒသမ ၄၃ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၉၅၁၅ ဒသမ ၇၆ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးခဲ့ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သွင်းကုန်လိုင်စင်ရရှိရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ ၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ မြေဩဇာတန်ချိန် ၄၃၈၇၀၅ ဒသမ ၇၀ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၉၈၄၀ ဒသမ ၅၀၅ တန် တင်သွင်းထားသည်ကို တွေ့ရှိရကြောင်း။
ပြောကြား
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်သော သွင်းအားစုများကို တောင်သူများသုံးစွဲနိုင်ရေး၊ ဖြန့်ဖြူးပေးနိုင်ရေး၊ ပံ့ပိုးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါဒေသများ၏လိုအပ်ချက်များကို ဖြန့်ဖြူးနိုင်ရေးကြိုတင်စီစဉ်ထားရန် လိုအပ်ကြောင်း။
ကုမ္ပဏီများအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း တင်သွင်းရန်ကျန်ရှိမှုများကို အမြန်တင်သွင်းနိုင်ရေးတာဝန်ရှိသူများက ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာပိုးသတ်ဆေးအမှတ်တံဆိပ်အလိုက်၊ ကုမ္ပဏီအလိုက် အရည်အသွေး၊ ဈေးနှုန်းတို့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုပေးရန်လိုအပ်ကြောင်း၊ ပြည်တွင်းသုံးစွဲသူတောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ် ဆောင်ရွက်ပေးရမည်ဖြစ်၍ ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း။
မြေဩဇာအသင်းအနေဖြင့်လည်း အသင်းဝင်ကုမ္ပဏီများအား အသင်းကချမှတ်ထားသော “မူ” များ၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာသည့်ကုမ္ပဏီများကို စိစစ်တင်ပြရန်၊ မှန်မှန်ကန်ကန်ဆောင်ရွက်နေသော ကုမ္ပဏီများအတွက် နစ်နာမှုမရှိစေရေး သေချာစိစစ်ဆောင်ရွက်ရန်၊ ကုမ္ပဏီများကလည်း သတ်မှတ်မူများအတိုင်း လိုက်နာဆောင်ရွက်ရန်၊ လိုအပ်ချက်များအပေါ် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တောင်သူများ လက်ဝယ်သွင်းအားစုများ အချိန်မီရောက်ရှိရေးဖြန့်ဖြူးရောင်းချပေးမည့် အစီအမံများကိုလည်းကောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက သွင်းအားစုများ ပံ့ပိုးပေးမည့်အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်နှင့် ကော်မတီအဖွဲ့ဝင်ဦးစီးဌာနများမှ ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်