နေပြည်တော် ဇူလိုင် ၁၈
ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ ဆရာ ဆရာမများအနေဖြင့် ဘာသာရပ်ဆိုင်ရာအလိုက် မိမိတို့၏ အရည်အသွေးများ တိုးတက်စေရေး၊ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သော သုတေသနလုပ်ငန်းများ တိုးတက်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသည်များကိုလည်း ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ သင်တန်းသား သင်တန်းသူများအနေဖြင့် ဆရာ ဆရာမများ ဖြစ်လာကြမည့်သူများဖြစ်၍ အနာဂတ်၏ ပဲ့ကိုင်ရှင်များဖြစ် ကြောင်း၊ ဆရာ ဆရာမများ ဖြစ်လာပါက စည်းကမ်းပြည့်ဝသော အမှန်တကယ် တတ်မြောက်သူများဖြစ်စေရန် စေတနာအပြည့်ထား၍ သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသားများကို လိမ္မာယဉ်ကျေးအောင်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင် သင်ကြားပေး စေလိုကြောင်း ပြောကြားသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့ စာလေးကွင်းအခြေခံပညာအထက်တန်းကျောင်း၊ ဘုရားသုံးဆူ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ပဲခူးမြို့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) များသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းနှင့် ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းအုတ်တံတိုင်း ခြံစည်းရိုးများ လုံခြုံမှုရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စာသင်ဆောင်အသစ်များ ဆောက်လုပ်မည့် မြေနေရာရွေးချယ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်