Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၅)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲတက်ရောက်

နေပြည်တော် ဇူလိုင် ၁၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ဇူလိုင် ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသည့် (၁၅)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ(အင်နိုပရွန်) သို့ တက်ရောက်ခဲ့သည်။

ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယယ်လ်ဆင်ပြခန်းအား လှည့်လည်ကြည့်ရှုပြီး ညပိုင်းတွင် ဆဗျဲလော့ဗ်ပြည်နယ်အုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး အန်သွန်အလီဟာနော့ဗ်နှင့် နိုင်ငံပေါင်း ၂၀ ကျော်မှ စက်မှုဝန်ကြီးများနှင့်အတူ တက်ရောက်သည်။

စက်မှုကုန်စည်ပြပွဲတက်ရောက်

ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် (၁၅)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ၌ ခင်းကျင်းပြသထားသည့် စက်မှုထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုပြီး စက်မှုကုန်စည်ပြပွဲ (အင်နိုပရွန်)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင်(၁၅)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ၏ စက်မှုဆိုင်ရာနည်းပညာပြခန်းများအား လှည့်လည်ကြည့်ရှုပြီး ဆဗျဲလော့ဗ်ဒေသ၊ ပိုလက်ဗ်စကွဲယ်မြို့ရှိ ဆဲဗျဲစကီးသံမဏိပိုက် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ စက်ရုံပြတိုက်နှင့် စက်ရုံအတွင်းသံမဏိပိုက်များ ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ရာ စက်ရုံမှူး၊ ပိုလက်ဗ်စကွဲယ်မြို့အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် စက်ရုံအင်ဂျင်နီယာချုပ် ဦးဆောင်သည့် စက်ရုံတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

ဇူလိုင် ၁၀ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၅) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲကျင်းပသည့် ယီကာကျီရင်ဘတ်မြို့မှ ပြန်လည်ထွက်ခွာလာရာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၅ နာရီတွင် မော်စကိုမြို့သို့ရောက်ရှိပြီး လေဆိပ်ဧည့်ခန်းမ၌ ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ Tyazhpromexport (TPE) ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ MISIS မှ နည်းပညာဆိုင်ရာထောက်ပံ့ပေးနိုင်ရေးအတွက် နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ရှိ လေသန့်စင်အလုပ်ရုံ၌ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ သံရည်ကျိုအလုပ်ရုံ (Melt Shop) လည်ပတ်နိုင်ရေးအတွက် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကိုလေဆိပ်မှ ဆက်လက်ထွက်ခွာလာပြီး ရန်ကုန်မြို့သို့ ဇူလိုင် ၁၁ ရက် ညပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်