Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ တွေ့ဆုံ

ရန်ကုန် ဇွန် ၁၆

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နည်းပြများ၊ အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရက်ပေါင်း ၁၇၅ ရက်သာလိုသည့်အတွက် အုပ်ချုပ်/ နည်းပြများနှင့် ပဏာမလက်ရွေးစင်အားကစားသမားများက အောင်မြင်မှုဆုတံဆိပ်များရရှိအောင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းအားအပြည့်ဖြင့် ကြိုးစားကြရန်လိုကြောင်း၊ ပြိုင်ဘက်နိုင်ငံများမှ မိမိနှင့်ယှဉ်ပြိုင်မည့် အားကစားသမား၏ အခြေအနေကို အမြဲလေ့လာသိရှိပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေရန်လိုကြောင်း ပြောကြားသည်။

လိုအပ်သည်များမှာကြား

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ စားရိပ်သာတွင် သင်တန်းသား သင်တန်းသူများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ပြီး သင်တန်းသား သင်တန်းသူများအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားကာ အားကစားနှင့်ကာယပညာသိပ္ပံဆေးခန်းကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ ပြည်ထောင်စုခန်းမ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ လာမည့်နှစ်များတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းပြိုင်ပွဲများ ပြုလုပ်ရန်ရှိကြောင်း၊ အားကစားအောင်မြင်မှုအတွက် ဆေးပညာရပ်နှင့် စိတ်ပညာရပ်ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စိတ်ဓာတ်ကောင်းမွန်သည့် အားကစားသမားများဖြစ်ရန်လိုအပ်ကြောင်း၊ မိသားစုစိတ်ဓာတ်ဖြင့် အပြုသဘောဆောင်ပြီး လုပ်ငန်းတာဝန်များကို တက်ညီလက်ညီ စုပေါင်းဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နပန်းအားကစားလေ့ကျင့်ရေးရုံသို့ ရောက်ရှိပြီး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသည့် ပဏာမလက်ရွေးစင်နပန်းအားကစားသမားများ သရုပ်ပြလေ့ကျင့်ကစားနေမှု၊ ကျွမ်းဘားအားကစားရုံ၌ အားကစားနည်းအလိုက် ပဏာမလက်ရွေးစင် ကျွမ်းဘားအားကစားသမားများ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်