Skip to main content

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ

နေပြည်တော် ဇွန် ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ရုံးများ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

စုပေါင်းစိုက်ပျိုး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ သစ်ပင်စိုက်ပျိုးပွဲကို ငလျင်ဒဏ်သင့်ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး ဆောက်လုပ်ပေးထားသော ဘာရှာလိုင်းခန်းများနှင့် Prefabri-cated Modular House ဝန်ထမ်းလိုင်းခန်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တက်ရောက်လာသူများနှင့်အတူ သတ်မှတ်နေရာများ၌ အရိပ်ရနှစ်ရှည်ပင်များနှင့် ပန်းအလှပင်များကို စုပေါင်းစိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ သစ်ပင်စိုက်ပျိုး ပွဲသို့လည်းကောင်း၊ လယ်ဝေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သစ်ပင်စိုက်ပျိုးပွဲသို့လည်းကောင်း၊ လယ်ဝေးမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ သစ်ပင်စိုက်ပျိုးပွဲသို့လည်းကောင်း တက်ရောက်ပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့်အတူ အရိပ်ရ နှစ်ရှည်ပင်များနှင့် ပန်းအလှပင်များကို စုပေါင်းစိုက်ပျိုးကြသည်။

သတ်မှတ်နေရာများ၌ စိုက်ပျိုး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများတွင် လယ်ဝေးမြို့နယ် သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ၌ ကြီးမြန်သစ်ပင် ပြည်လုံးချမ်းသာပင် ၅၀၀၊ ကျွန်းပင် ၁၄၀၊ ပျဉ်းကတိုးပင် ၁၅၀၊ စိန်ပန်းပင် ၂၀၊ ခရေ ၃၃ ပင်၊ ငုရွှေဝါပင် ၄၀၊ မဲဇလီပင် ၂၀၊ ကံ့ကော်ပင် ၁၀ ပင်နှင့် အခြားအရိပ်ရပင် ၁၂ ပင်စသည့် အရိပ်ရနှစ်ရှည်ပင် အမျိုးအစား ၁၀ မျိုး ပျိုးပင်စုစုပေါင်း ၉၂၅ ပင်ကို လည်းကောင်း၊ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် တပ်ကုန်းမြို့နယ် အေးချမ်းသာခေတ်မီစံပြကျေးရွာ၌ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမာ၊ ကုက္ကို၊ မန်ကျည်း၊ ကြိမ်ရိုး၊ မဲဇလီ၊ ကံ့ကော်၊ ခရေစသည့် အရိပ်ရ နှစ်ရှည်ပင် အမျိုးအစား ၁၇ မျိုး၊ ပျိုးပင်စုစုပေါင်း ၁၄၉၃ ပင်ကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် အရိပ်ရနှစ်ရှည်ပင်နှင့် အလှပန်းပင်စုစုပေါင်း ၈၅၃ ပင်ကို သတ်မှတ်နေရာများ၌ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်