Skip to main content

မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ညစာစားပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၈

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျား၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ 

ဂုဏ်ပြုစကားပြောကြား

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်ဂုဏ်ပြုစကား ပြောကြားရာ မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ခိုင်မာမြဲမြံသည့် သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်တာ ပြည့်မြောက်ခဲ့ပြီဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှု၊ သာတူညီမျှမှုနှင့် ငြိမ်းချမ်း‌စွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒများကို အခြေခံကာ အိမ်နီးချင်းကောင်းမိတ်ဆွေနိုင်ငံများအဖြစ် ရပ်တည်လျက်ရှိမှုကို အလေးထားပြောကြား ခဲ့သည်။

အခိုင်အမာသဘောတူညီခဲ့

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်က နှစ်နိုင်ငံဆက်ဆံရေးတွင် သိသာထင်ရှားသည့် သမိုင်းမှတ်တိုင်များဖြစ်သည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းနှင့် အိမ်နီးချင်းနိုင်ငံများအကြား အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေးကို အခိုင်အမာသဘောတူညီခဲ့မှုအား ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် မစ္စတာလီချန်းတို့နှင့် တွေ့ဆုံမှုများ၏ ရလဒ်ကောင်းများဖြစ်သည့် သဘောတူညီချက်များကို ကြိုးပမ်းအကောင်အထည်ဖော်ရေး အတည်ပြုပြောကြားသည်။ ထို့ပြင် မန္တလေးငလျင်လှုပ်ခတ်မှုအပြီး တရုတ်နိုင်ငံမှ အချိန်နှင့်တစ်ပြေးညီ ပေးအပ်ခဲ့သည့် အရေးပေါ် ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ ပြန်လည်ထူထောင်ရေးအစီအစဉ်များနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပံ့ပိုးကူညီမှုများအတွက် တရုတ်အစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်လှုပ်ခတ်ခဲ့ပြီး တရုတ်နိုင်ငံက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့မှုကို ကျေးဇူးတင်ရှိသည့်အနေဖြင့် မြန်မာအစိုးရမှပေးအပ်သည့် အမှတ်တရဂုဏ်ပြုတံဆိပ်များအား တရုတ်သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်သည်။

နှုတ်ခွန်းဆက်စကားပြောကြား

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အကောင်အထည်ဖော်မည့် ကတိကဝတ်များကို ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့က မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုကိတ်ကို လှီးဖြတ်ပေးကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာ - တရုတ်ချစ်ကြည်ရေးအသင်းတို့မှ ယဉ်ကျေးမှုအကအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေကြသည်။

ဂုဏ်ပြုပန်းခြင်းပေးအပ်

ဖျော်ဖြေမှုများအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့က နှစ်ဖက်အကအဖွဲ့များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်