နေပြည်တော် ဇွန် ၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တို့မှ ဂျူဒို၊ အလေးမနှင့် လက်ဝှေ့အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသဆိုင်ရာ အားကစားပြိုင်ပွဲများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ သက်တမ်းအလိုက် လူသစ်တန်းနှင့် အသက် ၂၀ အောက် ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်တစ်ခု စုစုပေါင်းဆုတံဆိပ်ကိုးခု ဆွတ်ခူးရရှိခဲ့ကြသည့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) မှ အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ကြေးတံဆိပ်၊ ငွေတံဆိပ်နှင့် ရွှေတံဆိပ်ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် လေ့ကျင့်လျက်ရှိသည့် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တို့မှ အလေးမအားကစားသမားများနှင့် လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုများအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ သုံးဦးသုံးဖလှယ်မျှမျှတတ တာဝန်ကိုယ်စီကျေပွန်မှသာ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ နေထိုင်စားသောက်မှုများနှင့် လေ့ကျင့်မှုများတွင် အခက်အခဲများရှိပါက နည်းပြ/အုပ်ချုပ်သူများထံ သတင်းပို့တင်ပြသွားရန် မှာကြားခဲ့ပြီး အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်