Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် Container House များ တပ်ဆင်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၄

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော်ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် Container House များ တည်ဆောက်နိုင်ရန်ပစ္စည်းများ ရောက်ရှိမှု၊  တပ်ဆင်တည်ဆောက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပေ (၂၀ x ၂၀) အရွယ်အစားရှိ Container House များ တည် ဆောက်နိုင်ရန်ပစ္စည်းများ ရောက်ရှိမှု၊ တပ်ဆင်တည်ဆောက်နေမှု၊ Footing Block များ ဆောင်ရွက်ပြီးစီးမှု၊ ပေ (၂၀ x ၁၂၀ ) အရွယ်အစားရှိ Modular (prefabrica-ted) house နှစ်ထပ်အဆောက် အအုံများ တည်ဆောက်နိုင်ရန် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရေရရှိရေး၊ မီးရရှိရေး၊ မီးဖိုဆောင်နှင့် သန့်စင်ခန်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက် နေမှုအခြေအနေတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ရေ၊ မီး၊ မိလ္လာ အဆင်ပြေစွာ သုံးစွဲနိုင်ရန်နှင့် လုံခြုံစွာ နေထိုင်နိုင်ရန်အတွက် တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်သွားရန်၊ ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအား တစ်ပါတည်းဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ယာယီနေထိုင်သည့် ရွက်ဖျင်တဲများမှ တပ်ဆင်တည်ဆောက်ပြီးစီးသည့် Container House များအတွင်း အမြန်နေရာချထားနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အလားတူ ပျဉ်းမနားမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ပျဉ်းမနားပင်မဓာတ်အားခွဲရုံဝင်းအတွင်းတွင်လည်း ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေစွာဖြင့် လုံခြုံစွာနေထိုင်နိုင်ရန်အတွက် ပေ (၂၀ x ၂၀) အရွယ်အစားရှိ Container House များ တည်ဆောက်နိုင်ရန်အတွက် စက်ယန္တရားကြီးများဖြင့် မြေနေရာ ပြုပြင်ခြင်း၊ Footing Block များ ဆောင်ရွက်ခြင်း၊ Container House များ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အမြန်တပ်ဆင်တည်ဆောက်ပြီးစီးရေးနှင့် နေရာချထားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်