နေပြည်တော် မေ ၁၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်ရှိ ရာဂီမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဓာတ်အားအမြန်ထုတ်လုပ်ပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံနှင့် စက်များပြန်လည်ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်အထက် ပေါင်းလောင်းဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမတွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့သော လုပ်ငန်းများကို စနစ်တကျမှတ်တမ်းထားရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် တမံအတွင်း ပေါင်းလောင်းငယ်ချောင်းမှ နုန်းများဝင်ရောက်မှုကိုလေ့လာပြီး ဖယ်ရှားနိုင်ရေးအတွက် သုံးသပ်တင်ပြရေးမှာကြားသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိုးမကျမီပြင်ဆင်ရမည့် လုပ်ငန်းများကို အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေးပြည်ပမှ မှာယူသောစက်ပစ္စည်းများ မကြာမီရောက်ရှိ လာတော့မည်ဖြစ်၍ ရောက်ရှိသည်နှင့် တစ်ပြိုင်တည်း ဦးစားပေးအမြန်တပ်ဆင်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရေးမှာကြားပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေလှောင်တမံရှုရပ်သို့ ရောက်ရှိပြီး တမံ၏ကြံ့ခိုင်မှုအခြေအနေ၊ ရေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ စက်ယန္တရားကြီးများဖြင့် တမံယာဘက်ကမ်းမြေကြီးကျောက်သားတူးဖော်ခြင်းနှင့် တမံဝဲဘက်ကမ်း Gabion Wall တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး စက်များ ပြုပြင်ဆောင်ရွက်နေသော ကျွမ်းကျင်ပညာရှင်များအား တွေ့ဆုံပြီး လိုအပ်ချက်များမှာကြားကာ သစ်သီးခြင်းလက်ဆောင်ပေးအပ်သည်။
ထို့နောက် စက်ရုံအဆောက်အအုံအတွင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု၊ ဓာတ်အားပေးစက်ကြီးများနှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ဆောင်ရွက်ပြီးစီးနေမှု၊ စက်မှု/လျှပ်စစ်ပိုင်း ဆိုင်ရာပစ္စည်းများ ပြန်လည်တပ်ဆင်ဆောင်ရွက်ပြီးစီးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပေါင်းလောင်းမြစ်ပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ် (၁) တည်ဆောက်ရေးမှ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းရှုရပ်မှနေ၍ စီမံကိန်းဆောင်ရွက်ထားရှိမှုနှင့် စီမံကိန်းဧရိယာအတွင်းရှိ အလယ်ပေါင်းလောင်းမြစ်ကူးတံတား တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်