နေပြည်တော် မေ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းအုပ်၊ ဆရာ ဆရာမများ၊ လက်ရက်ကန်းခြောက်လသင်တန်းတက်ရောက်နေသော သင်တန်းသူ သင်တန်းသားများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားပြီး သင်တန်းသူများ လက်တွေ့ဆောင်ရွက်နေသည့် လက်ရက်ကန်းဖြင့် ပအိုဝ်းခေါင်းပေါင်း၊ ဓနုလုံချည်နှင့် ဒေသခံတိုင်းရင်းသားဝတ်စုံများ ရက်လုပ်နေမှုကိုလည်းကောင်း၊ စက်ရက်ကန်းရက်လုပ်ခြင်း၊ ချားပုတ်ခြင်း၊ ချည်ချခြင်းနှင့် ဂျပ်ခုတ်လုပ်ငန်းလက်တွေ့သင်ယူနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးသည်။
ယင်းနောက် ကျောင်းသူအိပ်ဆောင်နှင့် စားရိပ်သာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ သင်တန်းသား သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် တောင်ကြီးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်နှင့် ဆရာ ဆရာမများကို တွေ့ဆုံကာ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် သင်တန်းပြီးဆုံးသွားသော ကျောင်းသား ကျောင်းသူများထဲမှ သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်မရသည့် ကျောင်းသား ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ရှာဖွေဆောင်ရွက်ပေးရေးမှာကြားပြီး သင်တန်းနည်းပြ ဆရာ ဆရာမများအတွက် စားသောက်ဖွယ်ရာများနှင့် ကျောင်းသား ကျောင်းသူများအတွက် ရေချိုးခန်းသုံးပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် အင်အားပြင်းမန္တလေးငလျင်ကြီး လှုပ်ခတ်ချိန်၌ ထိခိုက်မှုဖြစ်ပေါ်ခဲ့သော သင်တန်းခန်းမနံရံအက်ကွဲမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာအင်ဂျင်နီယာအဖွဲ့၏ လိမ္မော်ရောင်အဆင့် သတ်မှတ်ချက်အရ ပြန်လည်ပြုပြင်ရမည့် လုပ်ငန်းများကို တွက်ချက်တင်ပြရန်၊ ပြန်လည်ပြင်ဆင်နေစဉ်ကာလအတွင်း သင်တန်းသား သင်တန်းသူများ ယာယီပြောင်းရွှေ့သင်ကြားမည့် နေရာကို သတ်မှတ်ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်