Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ငလျင်ဒဏ်သင့်ခဲ့သည့်ဝန်ထမ်းများ ယာယီဘာရှာလိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်နေမှုအခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းက ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းများ ယာယီဘာရှာလိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်မှုအခြေအနေများနှင့် ယာယီဘာရှာလိုင်းခန်းများ တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ ယာယီဘာရှာလိုင်းခန်းများ တည်ဆောက်နေမှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ယာယီဘာရှာလိုင်းခန်းများတွင်  ပြောင်းရွှေ့နေထိုင်မှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယင်လုံအိမ်သာများနှင့် ရေ၊ မီးစနစ်များ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားရန်နှင့် ယာယီဘာရှာလိုင်းခန်းများအတွင်း မိုးရာသီတွင် ရေစီးရေလာကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင်မြေနေရာတွင် သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်နိုင်ရေး ယာယီဘာရှာလိုင်းခန်းများ တည်ဆောက်နေမှုအခြေအနေများ၊ အဆိုပါဘာရှာလိုင်းခန်းများနှင့် ရုံးသို့ဆက်သွယ်သောလမ်း ဖောက်လုပ်နေမှုအခြေအနေများနှင့် ပြောင်းရွှေ့နေထိုင်သည့်ဝန်ထမ်းများ သောက်သုံးရေအဆင်ပြေမှုရှိစေရေး စက်ရေတွင်းတူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယာယီဘာရှာလိုင်းခန်းများအတွင်း မိုးရာသီတွင် ရေစီးရေလာကောင်းမွန်မှုရှိစေရေး၊ လျှပ်စစ်မီးအချိန်မီရရှိရေး၊ ဘာရှာလိုင်းခန်းနှင့် ရုံးသို့ ဆက်သွယ်သောလမ်းအား မိုးမကျမီအမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် မေ ၁၅ ရက် နောက်ဆုံးထားပြောင်းရွှေ့နိုင်ရေးအမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်