Skip to main content

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆဋ္ဌမအကြိမ် ထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆဋ္ဌမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ပျော်ရွှင်စွာစုပေါင်းပါဝင်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် ထမနဲထိုးပြိုင်ပွဲသည် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပခြင်းဖြစ်ပြီး ဝန်ထမ်းများအကြား ချစ်ကြည်ရင်းနှီးမှု၊ ပျော်ရွှင်မှု၊ စုပေါင်းညီညွတ်မှု၊ တရားမျှတစွာယှဉ်ပြိုင်တတ်မှု၊ သန့်ရှင်းသပ်ရပ်မှုတို့ကို ဖော်ဆောင်သည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အပြန်အလှန်ညီညွှတ်မျှတသည့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး ပါဝင်ယှဉ်ပြိုင်ကြစေရုံသာမက အထူးသဖြင့် အမြဲတမ်းထိန်းသိမ်းစောင့်ရှောက်သွားရမည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့် မြန်မာ့ရိုးရာဓလေ့ကို ပိုမိုသိမြင်လာစေရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အသင်းများက အားကြိုးမာန်တက်ယှဉ်ပြိုင်ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြပြီး ဝန်ထမ်းများကလည်း အိုးစည်ဒိုးပတ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုတီးခတ်၍ အားပေးကြသည်။

ပြိုင်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဆုရရှိသည့်အသင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်