နေပြည်တော် အောက်တိုဘာ ၄
ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးတင်မောင်ဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
အဆိုပါ ဟောပြောချက်စာမူအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
မဲဆန္ဒရှင် ပြည်သူများအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာရွှင်လန်းကြပြီး မိမိကိုယ်နှိုက်က အရေးပါသော စီမံခန့်ခွဲအကြံပြုနိုင်သော အဆုံးအဖြတ်ပေး နိုင်သော ဆန္ဒပြု မဲပေးရွေးချယ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
ကျွန်တော်ကတော့ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးတင်မောင်ဦး ဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီသည် အချိန်အခါ နှင့် အခြေအနေများ၏ တောင်းဆိုချက်အရ ဒေသခံတိုင်းရင်းသားလူမျိုးစုများနှင့် ရှမ်းပြည်နယ်အတွက်သော်ကိုလည်းကောင်း၊ နိုင်ငံတော်အကျိုးစီးပွား အတွက်သော်ကိုလည်းကောင်း အမှန်တကယ် လိုအပ်လာသည်ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်ခန့်အလိုတွင် ပါတီဖြစ်မြောက်ရေးကော်မတီ (၄)ဦးမှ ဗဟိုကော်မတီ(၃၆)ဦးဖြင့် တရားဝင်နိုင်ငံရေးပါတီတစ်ခုအဖြစ် တည်ထောင်ခဲ့ပါသည်။
မဲဆန္ဒရှင် တိုင်းရင်းသားလူမျိုးစုအပေါင်းတို့ခင်ဗျား -
ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီသည် ဓနုဒေသအတွင်းရှိ လူမျိုးစု အားလုံးကို ကိုယ်စားပြုလျက် ရှမ်းပြည် တစ်ခုလုံး နှင့်တကွ နိုင်ငံတော် တစ်ဝှမ်းလုံး၏ နိုင်ငံရေး၊ စီးပွားရေး ၊ ကျန်းမာရေး၊ ပညာရေးနှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက် ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားလူမျိုးစုများ အထက်အောက်မရှိသော တန်းတူညီမျှခြင်းကို ထင်ဟပ်စေမည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အလို့ငှာ မဟာမိတ်ညီနောင်ပါတီများဖြင့် လက်တွဲ ဆောင်ရွက် သွားမည့် မူဝါဒ သဘောထားဖြစ်ပါသည်။
မဲဆန္ဒရှင်တိုင်းရင်းသား လူမျိုးစုအပေါင်းတို့ခင်ဗျား -
မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်းစီ၏ ဆန္ဒအမှန်မှာ ငြိမ်းချမ်းစွာ အသက်ရှင်သန်လိုခြင်း၊ စားဝတ်နေရေးနှင့် စီးပွားရေးတို့ကို အေးချမ်းစွာ ရှာဖွေ လုပ်ကိုင်လိုခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာဖြင့် မကြောင့်မကြ ပညာသင်ကြားလိုခြင်း စသည့်အခြေခံလူ့အခွင့်အရေးများကို လိုလားချက် အမှန်ဖြစ်သော်လည်း မတော်လောဘများ အစပြုရာမှ မလိုလားအပ်သော ပြည်တွင်းစစ် နှစ်ပေါင်း(၇၀) ယနေ့အထိ မပြီးဆုံးနိုင် ဖြစ်နေခဲ့ရပါသည်။
ရွာတစ်ရွာကို တည်ဆောက်ကြရာမှအစ နိုင်ငံတစ်နိုင်ငံအထိ စုပေါင်းမှီခို ကြရာမှာ တန်းတူညီမျှမှုရှိသော ရွာစည်းကမ်း၊ နိုင်ငံရေးအရ စည်းလုံးညီညွတ် မှုကို ဦးတည်စေသော အခြေခံနည်းဥပဒေ စသည်တို့မှာ ပြည်ထောင်စုနိုင်ငံတော် ကြီး အဓွန့်ရှည်တည်တံ့ရေးနှင့် လူမျိုးစုတိုင်း၏ မျိုးဆက်သစ်များရဲ့ လူမှုဘဝ လုံခြုံအေးချမ်းထွန်းကားနိုင်မှာဖြစ်ပြီး ထိုမှတစ်ဖန် ပြည်ထောင်စုကြီးကို ချစ်မြတ်နိုးတတ်ကြသောအမျိုးကောင်းစိတ်များဖြင့် စည်းလုံးညီညွတ် အေးချမ်းသာယာသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက် ကြရန် အခါလည်း ကျရောက်နေပြီဖြစ်ပါတယ်။
သို့ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဒေသခံတိုင်းရင်းသားလူမျိုးစု အားလုံးရဲ့ ထောက်ခံအားကို ဓနုအမျိုး သားများအဖွဲ့ချုပ်ပါတီမှ ကိုယ်စားပြု ရယူပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမည်နာမနှင့်အညီ နိုင်ငံရေး အသိအမြင် မြင့်မားနိုးကြားစွာ ပြည်ထောင်စုငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး၊ အထွေထွေဒေသဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို ဦးလည်မသုန် ဆောင်ရွက်သွားမှာဖြစ်ပြီး ပါတီမူဝါဒသဘော ထားချင်းတူရာ မဟာမိတ်နိုင်ငံရေးပါတီများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မဲဆန္ဒရှင်တိုင်းရင်းသား လူမျိုးစုအပေါင်းတို့ခင်ဗျား -
ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီသည် ဌာနေတိုင်းရင်းသားလူမျိုးစုများနှင့်တကွ ဒေသအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုအားလုံး ၏ အခြေခံလူမှုဘဝမှအစ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ တောင်သူ လယ်သမားအရေးနှင့် အလုပ်သမားအရေး၊ အမျိုးသမီးနှင့် လူငယ်ရေးရာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ထမ်းရေးရာ၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသအတွင်း တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ၂၀၂၀ ရွေးကောက်ပွဲအလွန် အစိုးရအဖွဲ့အဆင့်ဆင့်နှင့်တကွ ဒေသခံမဲဆန္ဒရှင်များ၏ ဆန္ဒနှင့်အညီ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။ မဲဆန္ဒရှင်ပြည်သူများ၏ အားပေးယုံကြည်မှု၊ ဝေဖန်အကြံပြုမှု၊ အရေးယူဆောင်ရွက်မှုများဖြင့် ရှင်သန်ရပ်တည်မည့် ပြည်သူ့ ကိုယ်စားပြု ဓနုအမျိုးသားများအဖွဲ့ချုပ် နိုင်ငံရေးပါတီတစ်ခုဖြစ်ကြောင်း ပါတီ ခေါင်းဆောင်တစ်ဦးအနေဖြင့် ရဲဝံ့စွာ တင်ပြအပ်ပါသည်။
မဲဆန္ဒရှင် တိုင်းရင်းသားလူမျိုးစု အပေါင်းတို့ခင်ဗျား -
သို့ပါ၍ ဒီမိုကရေစီထွန်းကား ရှင်သန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ဖြစ်တည်လာရန် ဆိုသည်မှာ မဲဆန္ဒရှင်ပြည်သူတစ်ဦး ချင်းစီ၏ နိုင်ငံရေးနိုးကြားမှု၊ နိုင်ငံရေး အသိအတတ်များ၊ တိုင်းရင်းသားလူမျိုးစုတိုင်း၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့်နှင့် ပြည်သူတစ်ဦးချင်းစီ၏ လွတ်လပ်ခြင်း၊ တရားမျှတ ခြင်း၊ တန်းတူညီမျှ မှုရှိခြင်းဟူသည့် တန်ဖိုးများနှင့် ပြည့်စုံသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်ကြီးကို မလွဲမသွေ ဖော်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။
သို့ပါ၍
မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -
ပြည်သူ့ကိုယ်စားပြု ဓနုအမျိုးသားများအဖွဲ့ချုပ် ကြယ်(၉)လုံး တောင်တန်းပါတီသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့်တကွ အာဏာရှင်စနစ် မထွန်းကားရေးနှင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဟူသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို မဟာမိတ်နိုင်ငံရေးပါတီများဖြင့် လက်တွဲ ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေသအတွင်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဂတိကင်းစွာ ကြိုးပမ်းဆောင်ရွက်သွားမည့် ပြည်သူ့ကိုယ်စားပြုပါတီဖြစ်ပါ၍ အားပေးချီး မြှောက် ဆန္ဒပြုမဲပေးရွေးချယ် နိုင်ပါရန် လေးစားစွာတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
ကျေးဇူးတင်ရှိပါသည်။ ။