(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီး တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်က စတင်ကျင်းပခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် အများပြည်သူများ၊ လုပ်ငန်းရှင်များ တစ်ခဲနက်ပါဝင်ဆင်နွှဲမှုကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရက်ထပ်တိုးကျင်းပလျက်ရှိရာ ဆုရ လုပ်ငန်းရှင်များနှင့် ဒေသအသီးသီးမှ လာရောက်ပြသကြသည့် လုပ်ငန်းရှင်များ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည် -
မထက်ဦးခင် (ခါတော်ဦးလက်ဖက်၊ ပဲကြော် လုပ်ငန်း- မကွေး)
အသေးစားစက်မှုလက်မှုလုပ်ငန်း ထုတ်ကုန်စံပြဆု
မကွေးတိုင်းဒေသကြီး ကိုယ်စားပြုခါတော်ဦးလက်ဖက်ထုတ်ကုန်နဲ့ အသေးစားထုတ်ကုန် လုပ်ငန်း စားသောက်ကုန်စံပြဆုရရှိခဲ့ပါတယ်။ ဆုရတဲ့အတွက်ဂုဏ်လည်းယူတယ်။ ပြပွဲမှာ ခါတော်ဦးလက်ဖက်ထုတ်ကုန်တွေကို ဝယ်ယူအားပေးကြတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတို့စားသောက်ကုန်ထုတ်လုပ်ငန်းကို လုပ်ငန်းရှင်ဒေါ်မိုးသူဇာ၊ ခါတော်ဦး တံဆိပ်နဲ့ ၂၀၁၄ ခုနှစ်က လုပ်ငန်းမှတ်ပုံတင်ပြီးတော့ စတင်ခဲ့တာပါ။ လုပ်ငန်းအဓိကအခြေစိုက်တာကတော့ မကွေးတိုင်းဒေသကြီး မကွေးမြို့မှာပါ။ မကွေးတိုင်းဒေသကြီးဟာ နိုင်ငံရဲ့ဆီအိုးကြီးလည်းဖြစ်တယ်၊ ပဲကုန်ကြမ်းလည်း ပေါတဲ့အတွက် ရှမ်းပြည်နယ်က လက်ဖက်ကုန်ကြမ်းနဲ့စုပေါင်းပြီးတော့ လက်ဖက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ် လုပ်ငန်းကို စတင်လုပ်ကိုင်ဖြစ်တာပါ။ အဓိကထုတ်လုပ်တဲ့ စားသောက်ကုန်တွေကတော့ လက်ဖက်အရသာလေးမျိုးနဲ့ ပဲကြော်စုံ၊ ကျွန်မတို့ကိုယ်ပိုင်အကြံဉာဏ်နဲ့ ထုတ်လုပ်ထားတဲ့ မြေပဲပေါင်းကြော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ အခုလိုမျိုး ပြပွဲပြိုင်ပွဲတွေကျင်းပပေးတဲ့အတွက် SME လုပ်ငန်းရှင်တွေက ကိုယ့်ပစ္စည်းကိုယ်ထုတ် ကိုယ်တိုင်ရောင်းတယ်ဆိုပေမယ့် အစိုးရဝန်ကြီးဌာန တွေနဲ့ ပူးပေါင်းပြီးတော့ အခုလိုမျိုးပြပွဲပြိုင်ပွဲတွေ ဝင်ရောက်ပြသရောင်းချခွင့်ရတဲ့အတွက် ဈေးကွက်ပိုမိုချဲ့ထွင်နိုင်မယ့်အခွင့်အလမ်းတွေ ပိုပြီးရလာပါတယ်။ ကျွန်မတို့လက်ဖက်ကုန်ကြမ်းတွေက ပြည်တွင်းဖြစ် ၁၀၀ ရာခိုင်နှုန်း နမ့်ဆန်ဒေသထွက် လက်ဖက်ကို အသုံးပြုထားပါတယ်။ ဈေးကွက် အနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်းမှာလည်းဖြန့်တယ်။ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်နဲ့ နေပြည်တော် Whole Sale တွေမှာလည်း ဈေးကွက်ချိတ်ဆက်မှုတွေရပါတယ်။ ပြည်ပဈေးကွက်မှာတော့ ထိုင်း၊ ကိုရီးယား၊ ဂျပန်နဲ့တရုတ်နိုင်ငံတွေအထိ တင်ပို့နိုင်ဖို့အတွက် ဈေးကွက်ချိတ်ဆက်မှုတွေလည်း ရရှိခဲ့တဲ့အတွက် အခုလိုမျိုးပြပွဲပြိုင်ပွဲတွေ ထပ်မံပြီးတော့ ကျင်းပပေးမယ်ဆိုရင်လည်း ပါဝင်ဖို့အဆင်သင့်ပါပဲ။
ကိုဇင်မျိုးထိုက်(MG Myanmar Gasket ထုတ်ကုန် လုပ်ငန်း-ရန်ကုန်)
အငယ်စားစီးပွားရေးလုပ်ငန်း (ဒုတိယဆု)
သွင်းကုန်အစားထိုး Gasket အမျိုးမျိုးထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အငယ်စားစီးပွားရေးလုပ်ငန်း ဒုတိယဆုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ အခုလိုသွင်းကုန်အစားထိုး ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရဲ့ထုတ်ကုန်ကို တင်ပြခွင့်ရတယ်၊ Gasket ထုတ်ကုန်တွေကို ပြည်ပကနေ တင်သွင်းစရာမလိုတော့ဘဲနဲ့ ပြည်ပကထုတ်ကုန်တွေရဲ့ အရည်အသွေးကိုမီတဲ့ ထုတ်ကုန်တွေကို ကိုယ်တိုင်ဖန်တီးလို့ရနိုင်တယ်ဆိုတဲ့ လူငယ်တွေကို အားကျအတုယူနိုင်အောင် ပြသခွင့်ရတဲ့ အတွက်ဝမ်းသာမိပါတယ်။ လုပ်ငန်းစတင်တည်ထောင် တာကတော့ ၂၀၀၉ ခုနှစ်က စတင်ခဲ့တာပါ။ သမားရိုးကျ Hand Made ဘဝကနေ၊ ပန့်နဲ့ဖောက်တူနဲ့ထုတဲ့အဆင့်ကနေ နည်းပညာပေါင်းစပ်ပြီးတော့ စက်ရုံထုတ်ပုံစံအထိ တိုးတက်ပြောင်းလဲ နိုင်ခဲ့ပါတယ်။ ဈေးကွက်ဖြန့်ကြက်မှုအနေနဲ့ ပြည်တွင်းကား၊ ဆိုင်ကယ်၊ လယ်ယာသုံးစက်မှု လုပ်ငန်းတွေသာမက ဥရောပအထိတင်ပို့နေရတာတွေလည်းရှိပါတယ်။ လက်ရှိမှာလည်း မိရိုးဖလာ Handmade လုပ်ငန်းတွေကို စက်မှုလုပ်ငန်းအသွင် ကူးပြောင်းချင်တဲ့သူတွေကိုလည်း နည်းပညာပေး သင်ကြားပြီးတော့ လက်တွဲခေါ်နေပါတယ်။ အခုလို ပြပွဲပြိုင်ပွဲတွေ ကျင်းပပေးတာက လုပ်ငန်းရှင်တွေအတွက် အကျိုးသက်ရောက်မှုအနေနဲ့ ဒီလိုမြေတောင်မြှောက်ပေးမှ ကိုယ့်ရဲ့လုပ်နိုင်ကိုင်နိုင်စွမ်းကိုလည်း ချပြခွင့်ရနိုင်တယ်။ ပြည်ပအစားထိုး ထုတ်ကုန်ဆိုတာ တကယ်တော့ ကိုယ့်နိုင်ငံရဲ့နိုင်ငံခြားငွေ ကုန်ကျမှုတွေကိုလည်း တစ်ထောင့် တစ်နေရာကနေ ထိန်းချုပ်နိုင်အောင် ဆောင်ရွက် ပေးနေတာလည်းဖြစ်ပါတယ်။ တကယ်သုံးနေတဲ့သူတွေက Gasket ရဲ့ အသုံးဝင်မှုတန်ဖိုးကို သိကြတယ်။ တကယ်တော့ပြပွဲမှာ အခုလိုချပြခွင့်ရတာလည်း အဲဒီအသုံးဝင်မှုတန်ဖိုးကို ချပြနိုင်တယ်လို့မြင်တယ်။ လူတိုင်းလိုက်လုပ်နိုင်တဲ့အခြေအနေ နည်းသေးတယ်ဆိုပေမယ့် တကယ်လုပ်ရင် ဖြစ်နိုင်တယ်ဆိုပြီး ကြိုးစားပြခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ အခုလိုပြပွဲပြိုင်ပွဲတွေမှာလည်း ၂၀၁၉ ခုနှစ်မှာ တစ်ခါဝင်ပြိုင်ခဲ့တုန်းကလည်း နိုင်ငံတော်အဆင့်ထုတ်ကုန် ဒုတိယဆုရရှိခဲ့ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ သွင်းကုန်အစားထိုး စက်မှုထုတ်ကုန်လုပ်ငန်းကို များများပံ့ပိုးနိုင်လေ နိုင်ငံခြားထွက်ငွေကို ပိုပြီးချွေတာနိုင်လေဖြစ်မှာပါ။
ဦးတင်ကို (မွန်ပြည်နယ်ပြခန်း)
စက်ရုံမှူး၊ ဖူးရှင်းဘရားသား(စ်) ရော်ဘာစက်ရုံ
ကျွန်တော်တို့ Fuxing Brither ရော်ဘာစက်ရုံကို အဓိကမွန်ပြည်နယ် မုဒုံမြို့နယ်မှာ အခြေစိုက်ပြီးတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့က ကုန်ကြမ်းတွေကို ရယူပြီးတော့ တာယာစက်ရုံတွေအတွက် လိုအပ်တဲ့အရည်အသွေးစံချိန်မီတဲ့ MSR -10၊ MSR- 20 ထုတ်ကုန်တွေကို ထုတ်ပါတယ်။ ထုတ်ကုန်တွေ စံချိန်စံညွှန်းမီဖို့အတွက်ကိုလည်း ကိုယ်ပိုင်ဓာတ်ခွဲခန်းလည်းရှိတယ်၊ အားလုံးကို စမ်းသပ်ပြီးတော့မှ အရည်အသွေးမီတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်တင်ပို့ပါတယ်။ စက်ရုံအနေနဲ့ ၂၀၀၃ ခုနှစ်ကတည်းက ရော်ဘာကုန်ကြမ်းတွေ စတင်ပြီးတော့ ထုတ်လုပ်တာ။ တကယ်ပိုင်ပိုင်နိုင်နိုင် ကမ္ဘာ့ဈေးကွက်ကိုတော့ ၂၀၁၂ ခုနှစ်လောက်မှ ထိုးဖောက်နိုင်တာပါ။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ အဓိကတင်ပို့တဲ့နိုင်ငံက တရုတ်နိုင်ငံချင်းတောင်ကို နှစ်စဉ်တန်ချိန် ၄၀၀၀၀ လောက်တင်ပို့ပါတယ်။ စက်ရုံအနေနဲ့ကတော့ နှစ်စဉ်တန်ချိန် သုံးသောင်းလောက်ပဲ ထုတ်ပြီးတော့ ကျန်တဲ့မှိုင်းခံရော်ဘာပြား RSS -3 တွေကိုတော့ ပြင်ပကနေဝယ်ယူပြီးတော့ တင်ပို့ပါတယ်။ ကျွန်တော်ပြပွဲမှာ ပြသရတဲ့ရည်ရွယ်ချက်ကတော့ ဈေးကွက်ကို ချဲ့ထွင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ အခုဒီပြပွဲမှာ အိန္ဒိယနိုင်ငံနဲ့ ရုရှားနိုင်ငံကို တင်ပို့ဖို့ စီးပွားရေးသံမှူးတွေနဲ့ ချိတ်ဆက်မှုတွေ ရရှိထားပါတယ်။ ကျွန်တော်တို့ ထုတ်ကုန်တွေကို နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်ဖို့အတွက် ဈေးကွက်ကို ချိတ်ဆက်တင်ပို့နိုင်ဖို့ ကြိုးစားသွားပါမယ်။
ဒေါ်လှခင်သန်း
လှမေတ္တာရှင် ရခိုင်ရိုးရာရက်ကန်းလုပ်ငန်း
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲမှာ ရခိုင်ရိုးရာအထည် အမျိုးမျိုးနဲ့ လာရောက်ပြသရခြင်းဖြစ်ပါတယ်။ ကျွန်မတို့လုပ်ငန်းကို ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျောက်တန်းရှည်ကျေးရွာမှာ စက်ရုံအလုပ်ရုံ ရက်ကန်းရုံ ၄၀၀ ကျော်နဲ့ ၁၉၉၇ ခုနှစ်က စတင်ခဲ့ပါတယ်။ ရက်ကန်းရုံတွေဖွင့်လှစ်ပြီး ရခိုင်ရိုးရာ အထည်အမျိုးမျိုးကို တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအပြင် ပြည်ပအထိ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ကျွန်မတို့ရိုးရာအထည်တွေကို ပြည်ထောင်စုအဆင့် ပွဲကြီးတွေမှာ လေးနှစ်မြောက်အထိလာရောက်ပြသ ရောင်းချပေးခွင့်ရခဲ့ပါတယ်။ ဒီနှစ်မှာထူးခြား တာက လုပ်ငန်း/ စီးပွားချိတ်ဆက်မှု ပြခန်းကနေတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိတဲ့ ကုန်တိုက်တွေက ကျွန်မတို့ထုတ်ကုန်တွေကို မှာယူဖို့ စာချုပ်တာတွေရှိပါတယ်။ ကျွန်မတို့ လက်ရက် ကန်းတွေကနေ စက်ရက်ကန်းအဖြစ်တိုးတက်ပြောင်းလဲနေပါတယ်။ အဲဒါအပြင် လက်ရက်ကန်း လည်းပျောက်ကွယ်မသွားရအောင် တချို့အထည်တွေကို လက်ရက်ကန်းနဲ့ရက်လုပ်ပြီး အဆင့်မြှင့် ထုတ်ကုန်တွေကိုလည်း စက်ရက်ကန်းနဲ့အဆင့်မြှင့် ကုန်ချောတွေထုတ်လုပ်ဖို့အတွက် ရန်ကုန်မှာ မြေနေရာစက်ရုံနဲ့အလုပ်ရုံတွေ တိုးချဲ့ပြင်ဆင်ထားပါတယ်။ ရခိုင်ရိုးရာအထည်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးကိုလည်း အထူးမှာယူတဲ့ ကုန်တိုက်တွေကိုလည်း အဆင့်မြှင့်ကုန်ချောတွေ တင်ပို့လျက်ရှိပါတယ်။ ဒီလိုပြပွဲကြီးကျင်းပပေးတဲ့ နိုင်ငံတော်အကြီး အကဲကြီးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ရခိုင်ပြည်နယ် စစ်တွေကနေ အားသွန်ခွန်စိုက်နဲ့ နေပြည်တော်ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲကို ရောက်အောင်လာပြီး ပြသရောင်းချပေးတာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - ဇင်ဦး၊ ဟိန်းထက်ဇော်
ဓာတ်ပုံ- ဇော်ဘီ