နေပြည်တော် အောက်တိုဘာ ၄
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ သရေစည်သူ ဦးစိုးမောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
မိဘပြည်သူများခင်ဗျား……
ကျွန်တော်ကတော့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီရဲ့ဥက္ကဋ္ဌ သရေစည်သူ ဦးစိုးမောင် ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ တောနေလူတန်းစားနဲ့ တိုင်းရင်းသားများရဲ့ ဘ၀ခံစားချက်များကို လက်တွေ့သိရှိနားလည်သလို စစ်မြေပြင် အတွေ့ အကြုံများ၊ အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများနဲ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) အဆင့်အတန်းအားလုံး စည်းကမ်း တကျရှိရေး၊ စစ်ဘက်ဥပဒေ၊ နယ်ဘက် ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာဥပဒေများနဲ့ ပတ်သက်ပြီး တပ်မတော်သားများ အားလုံး လက်တွေ့လိုက်နာဆောင်ရွက် အကောင်အထည်ဖော်နိုင်တဲ့အထိ ပို့ချ ရှင်းလင်းခြင်းနဲ့ အရေးယူအပြစ်ပေးခြင်းများဖြင့် စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင် ဖြစ်သည်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အကောင်အထည်ဖော်ခဲ့သလို ၂၀၀၇ ခုနှစ်၊ နှောင်းပိုင်းကာလမှစပြီး ယခင်အစိုးရအဖွဲ့အစည်းရဲ့ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင် ဖြစ်သည်နဲ့အညီ ပြည်သူလူထု အနည်းငယ်သာ သိရှိလိုက်သည့် နာဂစ်မုန်တိုင်းကို အကြောင်းပြုပြီး အင်အားကြီးနိုင်ငံသုံးခုမှ စစ်သင်္ဘောသုံးစီးနဲ့ ဝင်ရောက်ခြယ်လှယ်လိုတဲ့ R2P ကိစ္စကို ဥပဒေနဲ့အညီ တားမြစ်ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ အမျိုးသားညီလာခံတွင်လည်း တောင်သူ လယ်သမား အစုအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင်လည်း အစုအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ နိုင်ငံရေးစနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းပေးမှုနဲ့ စနစ်သစ် ကူးပြောင်းအပြီး ပထမဆုံးအစိုးရအဖွဲ့တွင်လည်း သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်စာများ၊ အသနားခံစာ များနဲ့ အကြံပြုစာများကို ငါးနှစ်အတွင်း ဝင်စာလေးသောင်းကျော် လက်ခံရရှိပြီး အမှုပေါင်း သုံးသောင်းကျော်ဝန်းကျင်ကို ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ယခင်အရာရှိငယ်၊ အရာရှိလတ်ဘဝတွင်လည်း မြို့နယ်အဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အသီးသီးတို့၏ လုပ်ငန်းများကို စီမံကွပ်ကဲ အဆုံးအဖြတ်ပေးပြီး အကောင်အထည် ဖော်ခဲ့သည့် အတွေ့အကြုံလည်း ရှိပါတယ်။ သမ္မတရုံးမှာလည်း နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် အကောင် အထည်ဖော်မှုများနဲ့ ပြည်တွင်း စီမံခန့်ခွဲ အကောင်အထည်ဖော်မှုများကို ဆောင်ရွက်ခဲ့သလို လွှတ်တော် ကိုယ်စား လှယ်များမှ မေးမြန်းအဆိုပြုလာသည့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်တဲ့ ကြယ်ပွင့်မပြ၊ ကြယ်ပွင့်ပြ မေးခွန်းများနဲ့ အဆို၊ အရေးကြီးအဆိုများကို ပြည်ထောင်စုဝန်ကြီးရုံးများနှင့် ပူးပေါင်း၍ ဖြေကြားခြင်း၊ ကတိကဝတ်များပေး၍ အကောင်အထည်ဖော်ခြင်းများအထိ ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်တော်ဟာ ဒီလိုအမှုအခင်းများကို ကိုင်တွယ်ဖြေရှင်း ပေးရသည့် ဌာနများမှာ ကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီး စိစစ်ခြင်း၊ အဆုံးအဖြတ်ပေးခြင်းများ ဆောင်ရွက်ခဲ့တဲ့အတွက် စစ်ဘက်၊ နယ်ဘက်နှစ်ရပ်စလုံးရဲ့ အားနည်းချက်၊ အားသာချက်များကို လက်တွေ့သိရှိသူဖြစ်၍ နိုင်ငံတော်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုများ အပေါ် သုံးသပ်ပြီး ပြည်သူတစ်ရပ်လုံးရဲ့ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေး စနစ် ပီပြင်စွာ ပေါ်ထွန်းလာနိုင်ရေးအတွက် ပြည်သူတို့ရဲ့ လိုလားချက်နဲ့အညီ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို တည်ထောင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါတယ်။ အမျိုးသားနိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးရဲ့ အရေးကိစ္စအားလုံးကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လူထုကောင်းစားရေးအသွင်ကို ဦးတည်ပါတယ်။ ဒီမိုကရက်တစ်ဆိုတာကတော့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူအခွင့်အရေး ရရှိခြင်း၊ မတူကွဲပြားမှုကို လက်ခံနိုင်ခြင်း၊ အများစုရဲ့သဘောကို အနည်းစုက လက်ခံပြီး အနည်းစုရဲ့ သဘောကို အများစုက လေးစားခြင်းနဲ့ တစ်ဦးချင်းစီရဲ့ အကျိုးစီးပွားကို ဦးစားပေးခြင်းဆိုတဲ့ အနှစ်သာရတွေ ပါဝင်ပါတယ်။
မိဘပြည်သူများခင်ဗျား………
ကျွန်တော်တို့ရဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ ဆန္ဒတွေက ဘာလဲဆိုတာ ဆန်းစစ်ကြည့်လိုက်ရင် မိသားစုအလိုက် စုစုစည်းစည်း နေ့ရောညပါ လုံလုံခြုံခြုံ သွားလာချင်တယ်၊ မိသားစုအလိုက် စုစုစည်းစည်း နေထိုင် ချင်တယ်၊ လုပ်ကိုင်ချင်တယ်၊ စားဝတ်နေရေး ပြေပြေလည်လည် ရှိစေချင်တယ်၊ တရားမျှတပြီး မှန်ကန်တဲ့ တရားစီရင် ရေးဖြစ်စေချင်တယ်၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေ ပပျောက်စေချင်တယ်၊ ကျန်းမာရေးကုသမှုစရိတ်တွေ သက်သာစေချင်တယ်၊ အခြေခံစားကုန်ဈေးနှုန်း သက်သာစေချင်တယ်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အဆင်ပြေစေချင်တယ်။ သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေ လုံလုံလောက်လောက် ရရှိချင်တယ်၊ လျှပ်စစ်မီး အမြဲရချင်တယ်၊ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းများ အရှုံးမပေါ် စေချင်ဘူး၊ သင့်တင့်မျှတတဲ့တန်ဖိုးနဲ့ ရောင်းချချင်တယ်၊ နှစ်ကုန်ရင် အလှူဒါန ပြုချင်တယ်၊ သားသမီးတွေရဲ့ ပညာရေးကို အခြေခံကောင်းပြီး အဆင့်မြင့်စေချင် တယ်။ ကျောင်းစရိတ် သက်သာစေချင်တယ်၊ တစ်ဦးချင်း စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံမှု ရရှိစေချင်တယ်၊ မူးယစ်ဆေးဝါး ပပျောက်စေချင်တယ် ၊ သူခိုး၊ ဓားပြ၊ လုယက်မှု၊ ဖောက်ခွဲမှု၊ ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု ပပျောက်စေချင်တယ်၊ သက်ငယ်၊ သက်ကြီး မုဒိမ်းမှုမကြားချင်ဘူး၊ မဖြစ်စေချင်ဘူး။ လူကုန်ကူးမှု မကြားချင်ဘူး၊ မဖြစ်စေချင်ဘူး။ အသက်ကြီးလာရင် ဘုရားကျောင်းကန်မှာ စိတ်လက်ချမ်းသာစွာ နေလိုတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့အစိုးရကို လိုချင်ကြတယ်။ ကမ္ဘာ့အလယ်မှာ သိက္ခာရှိတဲ့၊ မျက်နှာမငယ်ရတဲ့ နိုင်ငံဖြစ်စေချင်တယ်။ စည်းကမ်း ရှိတဲ့ နိုင်ငံ၊ စည်းလုံးတဲ့နိုင်ငံ၊ အင်အားရှိတဲ့နိုင်ငံ ဖြစ်စေချင်တယ်။ အဲဒီဆန္ဒတွေကို အကောင်အထည်ဖော်ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ရဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ အသိပညာနိမ့်ကျပြီး ဆင်းရဲသူများတဲ့လောကမှာ ဒီမိုကရေစီအစစ် မထွန်းကားနိုင်တာကြောင့် ကျွန်တော် တို့ ပါတီဟာ တစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်း စီးပွားရေးတိုးတက်လာစေရန် အတွက် အမျိုးသားစီးပွားရေးသည် ပထမ ဟူသော မူဝါဒကို ကျင့်သုံးမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား နိုင်ငံသူ၊ နိုင်ငံသားများရဲ့ အသိပညာဗဟုသုတ တိုးတက်မြင့်မား လာစေရေးနဲ့ သားငယ်၊ သမီးငယ်များရဲ့ ပညာရေးကို ဗလငါးတန်နဲ့ ပြည့်စုံတဲ့ ပညာရေး အဖြစ်သို့ အကောင်အထည်ဖော်ရန် အမျိုးသားပညာရေးသည် အဓိက အဖြစ် ရည်မှန်းချက်တစ်ရပ် ချမှတ်ထားပါတယ်။ စားဝတ်နေရေး၊ ပညာရေး နိမ့်ကျမှုကြောင့် မကျေနပ်မှုများဖြင့် အချင်းချင်းတိုက်ခိုက်ခဲ့ကြတဲ့ ပဋိပက္ခများကို လည်း မျက်နှာချင်းဆိုင်စားပွဲဝိုင်းမှာ အပေးအယူမျှတစွာ ညှိနှိုင်းအဖြေရှာခြင်းဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးသည်ပဓာနအဖြစ် လုပ်ငန်းတစ်ရပ်အနေဖြင့် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားတိုင်းဟာ မိမိတို့ရဲ့ နိုင်ငံအခြေအနေ၊ အဖြစ်အပျက်၊ တိုးတက်မှု၊ ဆုတ်ယုတ်မှုများဖြစ်ကြတဲ့ ပြည်တွင်းရေး အခြေအနေ အခြားနိုင်ငံအသီးသီးနဲ့ ကူးလူးဆက်ဆံ ဆောင်ရွက်ရသည့် ကိစ္စများ ဖြစ်တဲ့ အမျိုးသားနိုင်ငံရေးဟူသော ကိစ္စရပ်များကို သားစဉ်မြေးမြစ် စဉ်ဆက်မပြတ် ထာဝရသိရှိနားလည်ပြီး အကောင်အထည်ဖော်နေရမယ့်တာဝန်ဟာ မြန်မာနိုင်ငံ သားတိုင်းရဲ့ သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံသူ၊ နိုင်ငံသား တိုင်းဟာ အမျိုးသားရေးကို ဘယ်သောအခါမှ သစ္စာမဖောက်မိကြဖို့ အထူးသတိ ပေးလိုပါတယ်။ ကျွန်တော်တို့ပါတီကလည်း ဒီအချက်ကို သန္နိဋ္ဌာန်ချပြီးတော့ ထိန်းသိမ်းလိုက်နာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား……..
ကျွန်တော်တို့ပါတီဟာ တစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်း၊ စီးပွားရေး ပြန်လည် တိုးတက်အောင် အကောင်အထည်ဖော်မည့် ပါတီတစ်ရပ်အဖြစ် မွေးဖွားလာခြင်း ဖြစ်ပါတယ်။ တစ်ဦးတစ်ဖွဲ့ချင်း ဆောင်ရွက်ကြမည့် ပုဂ္ဂလိကအခန်းကဏ္ဍကို အထူး ဦးစားပေးပြီး အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို ထောက်ပံ့ကူညီ ခြင်း၊ အကြီးစားလုပ်ငန်းများကို အချိန်တိုအတွင်း ခွင့်ပြုမိန့်များချမှတ်ပြီး ၎င်းတို့နှင့် ဆက်စပ်နေတဲ့ ငွေရေးကြေးရေးလုပ်ငန်းများနဲ့ ပြည်တွင်း၊ ပြည်ပ ဘဏ်လုပ်ငန်း များ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်တိုးမြှင့် ထုတ်လုပ်ခြင်း၊ လမ်းတံတားနဲ့ ဆက်သွယ်ရေး လျင်မြန်စွာသွက်လက်အောင် ဆောင်ရွက်ခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ခေတ်မီအောင်ပြုပြင် ဆောင်ရွက်ခြင်း၊ အရှုံးပေါ်နေသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးပြီး အမြတ်အစွန်းရအောင် ဆောင်ရွက်ခြင်း၊ စီးပွားရေးကော်ပိုရေးရှင်း များ ထူထောင်ခြင်း၊ အစိုးရ၊ ပုဂ္ဂလိက ဖက်စပ်စီးပွားရေးလုပ်ငန်းများ ထူထောင်ခြင်း၊ အစိုးရတစ်ပိုင်း စီးပွားရေးမြှင့်တင်မှုအေဂျင်စီများ အမြန်ပြန်လည်ဖွဲ့စည်းခြင်း စသဖြင့် စီးပွားရေးပြောင်းလဲမှုများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်က ထောက်ပံ့ဖြည့်ဆည်းပေးရမယ့် မီးရထားနဲ့ စာတိုက်လုပ်ငန်း စသည်များကိုလည်း စနစ်တကျ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားပါမယ်။ ငွေအရင်းအနှီးရှိပြီး နည်းပညာလိုအပ်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို နည်းပညာဖြည့်ဆည်းပေးပါမယ်။ နည်းပညာအရည်အသွေး ပြည့်စုံသော်လည်း အရင်းအနှီးချို့တဲ့နေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို အရင်းအနှီး ဖြည့်ဆည်းပေး ပါမယ်။ သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေ လုံလောက်အောင် ဆောင်ရွက် ပေးပါမယ်။ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သော သွင်းအားစုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပါမယ်။ သိပ္ပံနည်းပညာလုပ်ငန်းများကို သုတေသန လုပ်ငန်းမှ အစပြုပြီး ဖွံ့ဖြိုးတိုးတက်အောင် စီမံချက်ချ အကောင်အထည်ဖော်ပေး ပါမယ်။ အခြားနိုင်ငံများရဲ့ ထုတ်ကုန်များနဲ့ ရင်ပေါင်တန်းနိုင်အောင် အရည် အသွေး၊ အရည်အချင်းနဲ့ဈေးနှုန်းကိုပါ ယှဉ်ပြိုင်ရောင်းချနိုင်သော အဆင့်ရောက် အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ပညာရေးကဏ္ဍမှာ ဉာဏ်ရည် ဉာဏ်သွေး အတွေးအခေါ်ပိုင်းကို ဖွံ့ဖြိုးတိုးတက် စေရန် ပညာရပ်နဲ့ လုပ်ငန်းပိုင်းကို အပြန်အလှန် ပေါင်းစပ်ဆောင်ရွက်စေပါမယ်။ ကာယဗလဖွံ့ဖြိုးတိုးတက်စေရန် အားကစားနဲ့ စိုက်ပျိုးရေးကို အခြေခံဆောင်ရွက် ပါမယ်။ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သူအများစုရှိတဲ့ နိုင်ငံဖြစ်လို့ ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားရမယ့် ပြည်သူ့ကျင့်ဝတ်များကို မူလတန်းအရွယ် ကျောင်းသူ ကျောင်းသားဘဝကပင် အစပြု တတ်သိနားလည် လိုက်နာကျင့် ကြံစေရမှာ ဖြစ်ပါတယ်။ မြန်မာ့သမိုင်း၊ သင်္ချာဘာသာရပ်နဲ့ နိုင်ငံ တကာသုံး အင်္ဂလိပ်စာကို ကျွမ်းကျင်စေရပါမယ်။ အိမ်နီးချင်းနိုင်ငံများရဲ့ စာပေ စကားကို အခြေခံ တတ်ကျွမ်း နားလည်စေရပါမယ်။ တက္ကသိုလ်အဆင့်မှာ နိုင်ငံရေး သိပ္ပံပညာ၊ ပထဝီနိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေး၊ ITပညာရပ်များကို မဖြစ်မနေ သင်ယူရပါမယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ရေးအတွက် အရည်အချင်း၊ အရည်အသွေးပြည့်ဝသူများကို ဖွံ့ဖြိုးပြီး နိုင်ငံများသို့ စေလွှတ်ပြီး အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို သင်ယူစေရမှာ ဖြစ်ပါတယ်။ လူငယ်များကို ၎င်းတို့ရဲ့ အရည်အချင်းအလိုက် အလုပ်အကိုင်ရရှိရေး ဆောင်ရွက်သွားပါမယ်။ လောင်စာဆီဈေးနှုန်း၊ ဆက်သွယ်ရေး၊ ဖုန်း အခွန်အခနဲ့ အခြားအခွန်အခများကို လျှော့ချဆောင်ရွက်သွားပါမယ်။ အခြေခံစားကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ကျဆင်း ရေးကို ဆောင်ရွက်ပေးပါမယ်။ ဈေးကွက်စီးပွားရေး ပီပြင်အောင် ဆောင်ရွက်သွား ပါမယ်။ စကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားပါမယ်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သဘာဝ ဘေးဒဏ် ကာကွယ်စောင့်ရှောက်ရေး အထူးအလေးထား ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားပါမယ်။ မြစ်၊ ချောင်း၊ အင်းအိုင်၊ ကန်၊ ဆည်မြောင်းများကို ထိန်းသိမ်း စောင့်ရှောက်သွားပါမယ်။ ပြည်သူလူထုဦးရေနဲ့ ကျန်းမာရေးဝန်ထမ်း အချိုးကျ ရှိစေပြီး ဆေးကုသမှု စရိတ် သက်သာစေရပါမယ်။
ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်များကို တိုးမြှင့်သွားပါမယ်။ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားပါမယ်။ စစ်ဘက်၊ နယ်ဘက် အငြိမ်းစားများအတွက် အဆင့်အတန်း အလိုက် အာမခံချက် ရရှိစေရပါမယ်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြန်မာ့ ကြည်း၊ ရေ၊ လေ တပ်မတော်ကို အဆင့်မြှင့်တင်ဆောင်ရွက် သွားပါမယ်။ စာပေ၊ သဘင်၊ အနုပညာ၊ ဂီတနဲ့ မြန်မာ့ရုပ်ရှင်ကို စနစ်တကျ ထိန်းသိမ်းမြှင့်တင်သွားပါမယ်။ ဆယ်အိမ်စုမှူး ရွေးချယ်ရေးကို စနစ်တကျ အကောင်အထည်ဖော်ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးအထိ လုပ်ငန်းစဉ်များကို ပြုပြင်ပြောင်းလဲပြီး တိတိကျကျ မှန်မှန် ကန်ကန် မြန်မြန်ဆန်ဆန်ဆောင်ရွက်စေပါမယ်။
တရားစီရင်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြတဲ့ မြန်မာနိုင်ငံရဲလုပ်ငန်း၊ ဥပဒေရုံးလုပ်ငန်း၊ ရှေ့နေများ၏ ကျင့်ဝတ်၊ တရားသူကြီးများရဲ့ ကျင့်ဝတ်များကို တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်စေပါမယ်။ အမှုပွဲစားပပျောက်ရေး ဆောင်ရွက်ပါမယ်။ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ။ ဥပဒေရှေ့မှောက် ရောက်သည့်အခါ လူတိုင်းတန်းတူအခွင့်ရေးရရှိစေ ရပါမယ်။ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ပါမယ်။ အဂတိလေးပါး လိုက်စားမှု တိုက်ဖျက်ပါမယ်။ တောင်သူ လယ်သမားများ ကြွေးမြီကင်းရှင်းပြီး အလှူဒါနပြုနိုင်စေရပါမယ်။ အလုပ်သမား များနှင့် ဝန်ထမ်းများလည်း စားဝတ်နေရေး ဖူလုံပြည့်ဝ စေရပါမယ်။ အခြေခံ လူတန်းစားများရဲ့ လူနေမှုဘဝတိုးတက်အောင် ဆောင်ရွက်ပေးသွားပါမယ်။ အိမ်ရာမဲ့များကို နေစရာရရှိရေး၊ အလုပ်လက်မဲ့များကို အလုပ်အကိုင်ရရှိရေး၊ မသန်စွမ်း သူများကိုလည်း သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးပါမယ်။ ဘာသာရေးအရ ဖြစ်တည်နေသည့် တောင်းရမ်းစားသောက် သူများနဲ့ အကြောင်းအမျိုးမျိုးဖြင့် တောင်းရမ်းစားသောက်နေသူများ ဘဝကိုလည်း ပြုပြင် ပြောင်းလဲပေးပါမယ်။ ကလေးသူငယ်၊ ကိုယ်ဝန်သည်နှင့် သက်ကြီးရွယ်အို များကို ထောက်ပံ့ကူညီပေးပါမယ်။ အခြားဘာသာ သာသနာများကိုလည်း စောင့်ရှောက်ကူညီပေးပါမယ်။ နိုင်ငံတကာဆက်ဆံရေး အပိုင်းမှာလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်ကို အခြေခံပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် အချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ကျင့်သုံးသွားပါမယ်။
မိဘပြည်သူများခင်ဗျာ………
ကျွန်တော့်ပါတီရဲ့ အလံအောက်ခံအရောင်ဟာ ရွှေရောင်ဖြစ်ပြီး ဝါစိမ်းနီ အဝိုင်းထဲက အဖြူရောင်ကြယ်ပွင့်ပေါ်မှာ ရွှေရောင်တောက်နေတဲ့ မြန်မာနိုင်ငံ မြေပုံရဲ့ အဓိပ္ပာယ်ဟာ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးကို ရွှေရောင်လွှမ်းစေမည် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲကြီးရဲ့ အဓိကရည်ရွယ်ချက် မှာ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်ရေးအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုတဲ့ ကဏ္ဍကြီး သုံးရပ်ကို ကောင်းမွန်စွာလှုပ်ရှားနိုင်မယ့် လူထုကိုယ်စားပြု ကိုယ်စားလှယ်များကို နိုင်ငံသားတစ်ဦးချင်းစီရဲ့ ဆန္ဒအတိုင်း ရွေးချယ်ပေးရခြင်းဖြစ်ပါတယ်။
အုပ်ချုပ်ရေးကဏ္ဍမှာ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရ ရရှိဖို့ဆိုရင် တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်ကိုင်ပေးမယ့် လူကောင်း သူကောင်းတွေ ကို မဲဆန္ဒရှင်များက ရွေးချယ်ပေးဖို့ လိုပါတယ်။ အရည်အချင်းရှိတဲ့ နိုင်ငံ့ခေါင်းဆောင် (သမ္မတ)ကို ပါတီကြီးတွေထဲကသာမက ပါတီငယ်တွေထဲကလည်း ပေါ်ထွန်းလာ နိုင်တယ်ဆိုတာ အထူးသတိပြုဖို့ လိုပါတယ်။ ဒီနေရာမှာ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ များနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားတဲ့ အရည်အချင်း များကို အလေးအနက်ထားဆန်းစစ်ပြီး လူမှန်နေရာမှန် ရောက်ရှိရေးဟာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။
အထူးတင်ပြလိုတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဖို့ဆိုရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုနဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများကို မဖြစ်မနေ ဆောင်ရွက်ဖို့ လိုနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီသာ လုပ်ပိုင်ခွင့်ရခဲ့ရင် အဆိုပါ ပြောင်းလဲ မှုများကို မဖြစ်မနေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ ပြောင်းလဲမှုတွေ မလုပ်ရင် ဘယ်အချိန်မှာ လုပ်ကြမလဲ၊ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူတွေက လုပ်မှာလဲလို့ မေးခွန်းထုတ်လိုပါတယ်။
နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ကျွန်တော်တို့ရဲ့ ၁၃၅ မျိုးသော တိုင်းရင်းသား မိဘညီအစ်ကိုမောင်နှမများအနေဖြင့် ကျွန်တော်တို့ရဲ့ ပါတီကို အားပေးထောက်ခံခြင်းဖြင့် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့ ဆောင်ပုဒ်ကို အကောင်အထည်ဖော်ပြီး အမျိုးသားရေးနဲ့ ပတ်သက်၍ သတ္တိနှင့် စွန့်လွှတ်စွန့်စားရန် ဆုံးဖြတ်ထားသူများနှင့် ဖွဲ့စည်းတည်ထောင်ထားတဲ့ ကျွန်တော် တို့ ပါတီနဲ့အတူ ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ပြီး တက်ညီလက်ညီ လုပ်ကိုင်ချီတက်ကြမည် ဆိုရင် အတိတ်တဘောင် နိမိတ်ဆောင်သည့် ရွှေရောင်လွှမ်းသည့် နိုင်ငံတော်သစ်ကြီး ဆီသို့ ရောက်ရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း အသိပေးတင်ပြရင်း ကျေးဇူးတင်ရှိ စွာဖြင့် နိဂုံးချုပ်အပ်ပါသည်ခင်ဗျား ……..