Skip to main content

မေတ္တာဖြင့် ကူညီကြပါစို့

လူ့လောကကြီးတွင် သင်၏အကူအညီကို လိုအပ်နေသူများစွာရှိ၏။ ထိုသူတို့ကို မေတ္တာဖြင့်ကူညီပါ။ သင်၏ အနားတွင် သင်၏ အကူအညီကို လိုအပ်နေသူများစွာရှိ၏။ ထိုသူတို့ကို မေတ္တာဖြင့်ကူညီပါ။

မေတ္တာဖြင့် ကူညီပါဟူသည့် စကားသည် လူတိုင်းအတွက် မှားယွင်းစရာမရှိသော တိုက်တွန်း စကားဖြစ်ပါသည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကိုးကွယ်ယုံကြည်မှုမရွေး၊ ဆင်းရဲချမ်းသာမရွေး လိုက်နာအပ်သည် မဟုတ်ပါလား။

ယနေ့ ကမ္ဘာကြီးက ဖောက်ပြန် ပြောင်းလဲနေသော ရာသီဥတု နှင့် သဘာဝဘေးဒဏ်တို့ကို လည်းကောင်း၊ ဒေါသအဟုန် ညီညီတောက်ကာ ရန်လိုနေသည့် စစ်ဘေးစစ်ဒဏ်တို့ကို လည်းကောင်း၊ အစာရေစာ ဆုတ်ယုတ် ရှားပါးလာခြင်း၊ ဆင်းရဲမွဲတေခြင်းတို့နှင့် ယှဉ်တွဲ ပေါက်ဖွားလာနေသည့် ငတ်မွတ်ခေါင်းပါးမှုဘေး ဒဏ်တို့ကို လည်းကောင်း၊ ဗီဇပြောင်း လဲမှုအမျိုးမျိုးဖြင့် အသစ်အသစ် ပေါ်ထွက်လာနေသော ရောဂါပိုးမွှားတို့၏ အန္တရာယ်ဘေး ဒဏ်တို့ကို လည်းကောင်း ခံစားနေရပေသည်။

လောလောလတ်လတ် ခံစားနေရသော ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့ အန္တရာယ် ပြုနေခြင်းသည် သိသာထင်ရှားလှသည့် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်နစ်နာမှု ဖြစ်နေပေသည်။ သန်းနှင့်ချီ၍ ကူးစက် ခံနေရသော လူနာများ၊ အနီရောဂါကြောင့် သိန်းနှင့်ချီ၍ သေဆုံးနေရသည့် စာရင်း ဇယားများက ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေသည်ကား အမှန်ပင်။

ကပ်ရောဂါ၏ထိုးနှက်မှုကြောင့် မြောက်မြားလှစွာသော လူတို့ သည် ဝေဒနာ ခံစားနေရ၏။ အကူအညီ လိုအပ်နေကြ၏။ ယခုကပ်ရောဂါက ကျန်းမာရေးဆိုင်ရာ ဒုက္ခဝေဒနာများကို သာမက စီးပွားရေးဆိုင်ရာ အကျပ်အတည်းများ၊ လူမှုရေးဆိုင်ရာ အထွေထွေ အခက်အခဲ များ ကိုပါ သယ်ဆောင်လာနေ၏။

မည်သို့ပင်ဖြစ်စေ၊ လောကကြီးထဲက လူအမြောက်အမြားသည် အကူအညီလိုနေ၏။ မြန်မာ နိုင်ငံအတွင်းမှာ၊ မိမိတို့၏ နံဘေး ပတ်ဝန်းကျင်မှာ အကူအညီလိုသူ များစွာရှိနေ၏။

လူသည် လူမှုအဖွဲ့အစည်းထဲက တစ်ဦးဖြစ်၏။ သူတစ်ဦးတည်း သီးခြားနေ၍ ရသည်မဟုတ်မူဘဲ လူအများနှင့် နေရ၏။လူ့အဖွဲ့အစည်း အတွင်းက တစ်ဦးတစ်ယောက် ထိခိုက်နာကျင်နေရပြီဆို လျှင် မိမိနှင့်မဆိုင်သလို နေ၍မရ။ အကူအညီလိုနေသူများကို တတ်နိုင် သလောက် ကူညီကြခြင်းသည်ပင် လူ့ကျင့်ဝတ်တစ်ခု ဖြစ်၏။ လူ့ဘ၀ ရှင်သန် နေထိုင်မှု၏ အနှစ်သာရတစ်ခု ဖြစ်၏။ လူတစ်ယောက် အား လောကကြီးက အပ်နှင်း ထားသည့် တာဝန်တစ်ခုလည်းဖြစ်၏။

လူသားတို့၏ ဝေဒနာခံစားနေရမှုတွင် မိမိလည်း အပါအဝင် ဖြစ်၏။ သီးခြားကင်းလွတ်၍ ရသည်မဟုတ်။ ထို့အတူပင် မိမိ၏ သာယာငြိမ်းချမ်းမှုသည် မိမိတစ်ဦးတည်းတွင် တည်မှီ နေသည် မဟုတ်၊ လူသားအားလုံးနှင့် ဆက်စပ်ပတ်သက်နေသည်ပဲဖြစ်၏။

ယခုလက်ငင်းကာလတွင် ရောဂါဝေဒနာခံစားနေရသောသူ အမြောက်အမြားနှင့်တကွ ရောဂါပိုး ဆက်လက် ကူးစက်ပြန့်ပွားမည့် အန္တရာယ်၏ ခြိမ်းခြောက်မှုကို ခံနေရသူတို့ သည် အကူအညီ လိုနေ၏။ အကူအညီလိုနေသူတို့ကို မိမိတို့ တတ်စွမ်းသည့်နေရာကနေ၍ မေတ္တာဖြင့် ကူညီခြင်းဖြင့် မိမိကိုယ်တိုင်နှင့်တကွ လောကတစ်ခွင် သာယာငြိမ်းချမ်းရေး အတွက် တစ်တပ် တစ်အား ဖြစ်စေပါမည်။

ကိုဗစ်ကပ်ရောဂါကို ရှေ့တန်းက ရဲရဲရင့်ရင့် ရင်ဆိုင်ကူညီနေကြ သော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ ရှိ၏။ ဝေဒနာသင့်သူများ အတွက်လို အပ်ချက်များကို ဖြည့်ဆည်းကူညီရန် စီမံခန့်ခွဲမှု အမျိုးမျိုးကိုတာဝန်ယူမှု အဆင့်ဆင့်ဖြင့် ကူညီနေကြသည့် တာဝန်ရှိသူများ လည်း ရှိ၏။ လိုအပ်သည့် ထောင့်အသီးသီးကို ဖြည့်ဆည်းကူညီ နေကြ သော ပရဟိတစေတနာ့ဝန်ထမ်းများလည်း ရှိ၏။ - အခြားသော ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုတို့အတွက် အားတက်သရော လှူဒါန်းကူညီနေကြ သူများရှိ၏။ အိမ်တွင်း တွင် နေထိုင်ရင်း ဝေဒနာခံစားနေရသူများ၊ တာဝန်ယူနေကြသူများ၊ ကူညီဝိုင်းဝန်းနေကြ သူများကျန်းမာချမ်း သာကြစေကြောင်း မေတ္တာပို့ ဆုတောင်းနေ ကြသူတို့လည်း ရှိ၏။ အသီးသီးသော သူတို့သည် နေရာအမျိုးမျိုးက ကူညီနေကြ၏။

အနိမ့်ဆုံးအားဖြင့် တတ်နိုင်သမျှ အိမ်ပြင်ပသို့မထွက်ခြင်း၊ လက်ကို ရေ ဆပ်ပြာတို့ဖြင့် မကြာခဏစနစ်တကျ ဆေးကြောခြင်း၊ လူချင်းထိတွေ့ဆက်ဆံမှုရှောင်ကြဉ်ခြင်း၊ အနည်းဆုံး ခြောက်ပေအကွာတွင်နေခြင်း၊ မဖြစ်မနေ အပြင်ထွက်ရပါကလည်း မျက်နှာဖုံးနှာခေါင်းစည်းတို့ကို မဖြစ်မနေ တပ်ဆင်ကြခြင်းတို့ဖြင့် ရောဂါကူး စက်ပြန့် ပွားမှုကို ဝိုင်းဝန်း ထိန်းသိမ်းခြင်းတို့ဖြင့် ကပ်ရောဂါနှင့် ရင်ဆိုင်နေရသော လောကကြီးကို ကူညီကြပါစို့။ ။