ပဲခူး အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက "ပဲခူးတိုင်းဒေသကြီး အဝင်/အထွက် နယ်စပ်ဂိတ်များတွင် ကုန်တင်ယာဉ်များ ရပ်တန့်ထားပြီး ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးချက်များအား အမြန်ဆုံးစစ်ဆေး ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဘက်မှလည်း ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှု မရှိစေရေးကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့သို့ စစ်ဆေးရာတွင် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များတွင် ရောဂါပိုး တွေ့ရှိသူများလည်း ရှိလာနိုင်မည်ဖြစ်၍ လူနာတင်ယာဉ်များ၊ ရောဂါပိုးတွေ့ရှိသူ ထားရန်နေရာများ၊ ကျန်းမာရေးစောင့် ရှောက်မှုပေးရန် တို့ကိုလည်း စီစဉ်ထားရှိရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး အမြန်ဆုံး စစ်ဆေးနိုင်ရေးအတွက် Test Kit များအား ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာနေရာများသို့ ညတွင်းချင်း အရောက်ပေးပို့နိုင်ရေး ဌာနဆိုင်ရာများမှ လည်း လိုအပ်သည်များ ကူညီဆောင်ရွက် ပေးရန်လိုအပ်ကြောင်း" ပြောကြားခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေကို လည်းကောင်း၊ ခရိုင်/မြို့နယ် ကော်မတီဝင်များကမြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လည်းကောင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ကုန်တင်ယာဉ်မောင်းများနှင့် ခရိုင်/မြို့နယ်ဆေးရုံများအတွက် အမြန်ဆုံး စစ်ဆေးပေးနိုင်ရေး Test Kit များ ထုတ်ယူနေမှု အခြေအနေကို လည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)