Skip to main content

နိုင်ငံရေးနည်းလမ်းမှတစ်ဆင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြသူများ၏ စကားသံများ

နေပြည်တော် ဇန်နဝါရီ ၂၄

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါ ရီ ၂၃ ရက်မှ ၂၄ ရက်အထိ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပလျက်ရှိရာ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ရရှိခဲ့သည့် သဘောတူညီမှုရလဒ်များ၊ နိုင်ငံရေးနည်းလမ်းမှတစ်ဆင့် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်မှုအခြေအနေများနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

ဦးကိုကိုကြီး( ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ)

နိုင်ငံတစ်နိုင်ငံမှာ အမြင့်ဆုံးဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ ဒီဥပဒေရဲ့ သဘောတရားကလည်း ကျင့်သုံးရင်းနဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေရှိရင် တဖြည်းဖြည်းပြင်ဆင်ပြီးတော့ ကောင်းသထက်ကောင်းအောင် ကြိုးစားကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းနှစ်ဆက်အတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးပြီးတဲ့အချိန်မှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို တွေ့ရှိလာရတာတွေရှိပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ အခက်အခဲတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ ဖြေရှင်းရမယ်ဆိုရင် မဖြစ်မနေပြင်ဆင်သင့်တဲ့အချက်တွေကို ဆွေးနွေးကြပါတယ်။ ဒီအချက်တွေထဲမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဘက်က အဆိုပြုတဲ့အချက်တွေရှိသလို ကျွန်တော်တို့ နိုင်ငံရေးပါတီများအစုအဖွဲ့ကလည်း အဆိုပြုတဲ့အချက်တွေရှိပါတယ်။ ဒီအချက်တွေကို နှစ်ဖက်ညှိနှိုင်းပြီးတော့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာ ပြင်ဆင်တဲ့အခါ ကြိုတင်ညှိနှိုင်းသဘောတူပြီးသားဖြစ်အောင် ကြိုးစားဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အခုကျွန်တော်တို့ဆွေးနွေးပြီး သဘောထားစုစည်းချက်အားလုံး (၄၃) ချက်ရှိပါတယ်။ နောက်ပြီး တစ်ထိုင်တည်းဆုံးဖြတ်လို့မရဘဲ ဆက်လက်ဆွေးနွေးရမယ့်အချက်(၇) ချက်လည်းရှိပါတယ်။ ဒီအချက်ကိုလည်း ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးနေတဲ့ အချိန်မှာလည်း သဘောတူစုစည်းထားပြီးသား (၄၃)ချက်၊ ဆက်လက်ဆွေးနွေးမယ့် အချက်(၇)ချက်အပြင် နိုင်ငံရေးပါတီများအစုအဖွဲ့က ပြင်ဆင်သင့်တယ်လို့ ထပ်မံပြီး အဆိုပြုထားတဲ့ အချက်တွေလည်းရှိပါသေးတယ်။ ဒီအချက်တွေကိုလည်း ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သဘောတူညီမှုရရှိပြီးသွားရင်တော့ သဘောထားစုစည်းချက်များအဖြစ်နဲ့ နှစ်ဖက်အပြန်အလှန်လက်မှတ်ရေးထိုးဖို့ အစီအစဉ်လည်းရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းနေတာဟာ ရုတ်တရက်တော့ သိသာမြင်သာမဖြစ်ပေမယ့် ကျွန်တော်တို့အားလုံး ပွင့်လင်းရင်းနှီးစွာနဲ့ အကျေအလည် ဆွေးနွေးညှိနှိုင်းနေကြပါတယ်။ ဒီဆွေးနွေးမှုတွေကတစ်ဆင့် တိုးတက်မှုတွေလည်း ရရှိထားပါတယ်။ ဒီတိုးတက်မှုတွေကို ပြည်သူတွေသိရှိစေဖို့ အသိပေးခြင်းဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီမှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ နိုင်ငံရေးပါတီတွေ အားမကောင်းဘဲနဲ့ ပါတီစုံဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အားကောင်းဖို့ ပြည်သူတွေကိုယ်တိုင်ကလည်း နိုင်ငံရေးပါတီတွေအပေါ်မှာ ယုံကြည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုရှိစေလိုပါတယ်။

ဒေါက်တာအေးမောင် (ဥက္ကဋ္ဌ၊ ရခိုင့်ဦးဆောင်ပါတီ)

ဒီနေ့ဆွေးနွေးပွဲမှာတော့ အရင်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ သဘောထားမတူညီရသေးတဲ့ အချက်တွေကို ပြန်လည်ညှိနှိုင်းဆွေးနွေးကြပါတယ်။ နောက်ပြီး သဘောတူညီမှုရရှိထားတဲ့အချက်တွေကိုလည်း လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ သဘောတူညီထားတဲ့ အချက်တွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူတွေ၊ ဥပဒေပြုရေးတွေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသဖြင့် အားလုံး(၄၃)ချက် ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် နိုင်ငံရေးတည်ငြိမ်အောင်ဆောင်ရွက်ဖို့ နိုင်ငံရေးအပေးအယူရှိဖို့လိုပါတယ်။ နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို အများကြီးကြုံတွေ့နေရပါပြီ။ ဒါကြောင့် နိုင်ငံရေးတည်ငြိမ်မှုရရှိအောင် အခြေခံဥပဒေရဲ့ တချို့ပုဒ်မတွေကို ပြင်ဆင်လိုခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေပြီး နိုင်ငံရေးပြေလည်မှုရရှိအောင် လိုအပ်နေတဲ့ ကာလဖြစ်တဲ့အတွက် ကြိုးစားဆောင်ရွက်နေကြပါတယ်။

ဒေါက်တာအောင်မြတ်ဦး (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

မနေ့က ဆွေးနွေးပွဲမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆက်လက်ဆွေးနွေးပြီး လက်ရှိနိုင်ငံနဲ့ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ဘယ်လိုကျော်လွှားသွားမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဖြေရှင်းဖို့ နည်းလမ်းတွေရရှိမယ်လို့လည်း ကျွန်တော်တို့မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ခေတ်ကာလလိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရတာရှိသလို ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အနာဂတ်မှာ ဆောင်ရွက်မယ့် လျာထားချက်တွေအပေါ်မှာ အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တာတွေလုပ်ရပါမယ်။ ဒီလိုပြင်ဆင်တာတွေလုပ်ပြီး လိုအပ်တာတွေ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုသဘောထားညှိနှိုင်းလို့ရတဲ့အချက်တွေကို လွှတ်တော်ပေါ်ပေါက်လာတဲ့အခါ လွှတ်တော်မှာတင်ပြပြီး အတည်ပြုပါမယ်။ ကျွန်တော်တို့ ဆွေးနွေးလာတဲ့ အနေအထားအရ သဘောထားညှိနှိုင်းရရှိတဲ့ အချက် (၄၃) ချက်ရှိပါတယ်။ ဒီအချက်တွေကို သဘောထားညှိနှိုင်းချက်အနေနဲ့ လက်မှတ်ရေးထိုးသွားဖို့ စီစဉ်ထားပါတယ်။

ဦးခင်မောင်သိန်း(ဗဟိုအလုပ်အမှုဆောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ ကျွန်တော်တို့ပါတီအနေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေလုပ်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေလုပ်ခြင်းအားဖြင့် နိုင်ငံအတွက်အကျိုးရှိတယ်လို့ မြင်မိပါတယ်။ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းတာဟာ ပြည်သူတွေအကျိုးအတွက် ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့အကျိုးစီးပွားနဲ့ နိုင်ငံအတွက် လိုအပ်တာတွေကို ဝိုင်းဝန်းဆွေးနွေးပြီး ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်ပွင့်လင်းပြီး နားလည်မှုသဘောတရားတွေနဲ့ နိုင်ငံအတွက် ဆွေးနွေးခွင့်ရရှိခဲ့တဲ့အတွက် သဘောတူညီချက်(၄၃)ချက်ရရှိပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ဆွေးနွေးညှိနှိုင်းနေတဲ့ အချက်တွေလည်း ရှိပါတယ်။

ကျွန်တော်တို့ နိုင်ငံရေးပါတီများအစုအဖွဲ့အနေနဲ့ နိုင်ငံနဲ့ ပြည်သူအတွက် တတ်နိုင်သမျှ အကျိုးရှိအောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်နဲ့ဆောင်ရွက်နေကြပါတယ်။ နောက်ပြီး တစ်ယောက်ကိုတစ်ယောက်မာန်မာနတွေ၊ အတ္တစွဲတွေ ရှောင်ရှားပြီး ညီရင်းအစ်ကိုတွေလို သဘောထားပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်မှုတွေ ရရှိမယ်လို့ အပြည့်အဝယုံကြည်ပါတယ်။

သတင်း - အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - အေးသန်း