နေပြည်တော် စက်တင်ဘာ ၂၄
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် ၄ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
အဆိုပါဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် လက်နက်ကိုင်အဖွဲ့များထံ ရောက်ရှိနေသော PDF အမည်ခံအဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦး စုစုပေါင်း ၄ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ထားဝယ်တပ်နယ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၇၁ တောင့်၊ RPG ၁ လက်၊ Type-79 ၁ လက်၊ RPG ဗုံးသီး ၃လုံး၊ ၄၀မမ ဗုံးသီး ၁ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်သည်။
ယင်းနောက် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦး၏ စကားသံများကိုလည်း ကြားသိရပါသည်။
ကျွန်တော်တို့ ရန်နောင်မှာ တိုက်ပွဲတွေဖြစ်တော့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က စစ်ရှောင်ရင်းနဲ့ ပဒပ်ချောင်းကျေးရွာကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီလိုရောက်ရှိသွားတဲ့အချိန်မှာ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ ရွာထဲကိုရောက်ရှိလာပြီး ကျွန်တော်တို့အသက်အရွယ်ယောကျ်ားလေးတွေကို သူတို့ဝေယျာဝစ္စတွေခိုင်းဖို့နဲ့ သူတို့အဖွဲ့ထဲကို ဝင်ဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ရန်နောင် မှာ ပြန်ပြီးနေလို့ရပြီ။ ပြန်မယ်ဆိုတော့ သူတို့စခန်းတွေကို သိနေတာကတစ်ကြောင်း၊ နောက်တစ်ခုက သူတို့ခိုင်းတာတွေကို လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် တပ်မတော်ဘက်က သိလို့ရှိရင် ဖမ်းပြီးတော့ နှိပ်စက်မယ်။ အဲဒီလိုပြောတဲ့အတွက် ကျွန်တော်တို့ ဆက်ပြီးတော့နေခဲ့ရတယ်။ ကြာလာတော့ လူမျိုးရေးခွဲခြားလာတယ်။ အလုပ်ဆိုရင်လည်း ကျွန်တော်တို့ပဲလုပ်ရတယ်။ ကင်းစောင့်ရင်လည်း ကျွန်တော်တို့ပဲ စောင့်ရတယ်။ ပြောမှားဆိုမှား ရှိလို့ရှိရင်လည်း ကျွန်တော်တို့ အနှိပ်စက်ခံရတယ်။ ပြည်သူတွေကို ဥပဒေမဲ့စွာ ဖမ်းတယ်။ ဖမ်းပြီးတော့ နှိပ်စက်တယ်။ ကျွန်တော်တို့တွေဆိုလည်း မိဘတွေနဲ့ အဆက်အသွယ်လည်းမရဘူး။ မိဘတွေနဲ့လည်း အဆက်အသွယ်မလုပ်ခိုင်းဘူး။ ဖုန်းတွေကိုလည်းသိမ်းထားတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ မိဘတွေနဲ့လည်း ပြန်နေချင်တယ်။ မြို့ပေါ်မှာ တခြားသူငယ်ချင်းတွေ ပျော်နေတာ မြင်ရင်လည်း အားကျမိတယ်။ ပြီးတော့လူငယ်တွေလို လွတ်လွတ်လပ်လပ်လည်း နေချင်တယ်။ ဥပဒေဘောင်အတွင်းမှာ စည်းကမ်းတကျလည်း ပြန်နေချင်တာကြောင့် ကျွန်တော်တို့ လေးယောက်တိုင်ပင်ပြီးတော့ အဖွဲ့ထဲမှာ ပစ်အားအကောင်းဆုံးဆိုတဲ့ လက်နက်တွေကို ယူဆောင်ပြီးတော့ တပ်မတော်ထံအလင်းဝင်ရောက်ခဲ့တယ်။ အလင်းဝင်ရောက်လာတဲ့အခါမှာလည်း တပ်မတော်ဘက်က ကျွန်တော်တို့ကို နှိပ်စက်မေးမြန်း ခြင်းမရှိတဲ့အပြင် အခုလိုနွေးနွေးထွေးထွေး ကြိုဆိုတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ပြီးတော့ PDF ထဲမှာရှိတဲ့ ညီအစ်ကိုတွေကိုလည်း ပြောချင်တာက တပ်မတော်ထံအလင်းဝင်ပါ။ တပ်မတော်ဘက်ကလည်း နွေးထွေးစွာ လက်ကမ်းကြိုဆိုနေပါတယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။
သတင်းစဉ်