Skip to main content

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကျွန်းစုမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၁

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်အခြေပြု၍ ကျွန်းစုမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူ ၈၀၇ ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၇ ဦး၊ ခွဲစိတ်ရောဂါ ၆၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆၇ ဦး၊ ကလေးရောဂါ ၁၀၅ ဦး၊ အရိုးရောဂါ ၇၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၁ ဦး၊ မျက်စိရောဂါ ၁၅၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၈ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၀ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၄ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးကုသမှုခံယူနေသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားသည်။

ထို့နောက် တိုင်းမှူးက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ပေါ်တွင် မွေးဖွားခဲ့သော မောင်ညီလွင်ပိုင်အား ဆေးဝါးနှင့်စားသောက်ဖွယ်ရာများပေးအပ်ကာ မျက်စိခွဲစိတ်ကုသမှုခံယူပြီးသည့် လူနာများအား မျက်မှန်များတပ်ဆင်ပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်သည်။

ထိုသို့ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရတယ်-

၁။ ကျွန်မတို့ ဝန်ထမ်းလောကပဲဖြစ်ဖြစ် အရပ်သားတွေပဲဖြစ်ဖြစ် ဒေသခံတွေပဲဖြစ်ဖြစ် တစ်ခါတစ်ရံမှာ ကိုယ်ဖြစ်နေတဲ့ရောဂါကို ဘာရောဂါမှန်းလည်းမသိဘူး။ ကိုယ်ဖြစ်နေတဲ့ရောဂါကိုသိပြန်တော့လည်း ကုသရမယ့်အခက်အခဲတွေ၊ ကျန်းမာရေး၊ သွားလာရေး၊ ငွေရေးကြေးရေးအခက်အခဲတွေရှိပါတယ်။ အခုလိုသံလွင်သင်္ဘောကြီး လာရောက်ပြီး ဆေးကုသမယ်လို့ သိရတဲ့အချိန်မှာ ကျွန်မတို့ဘက်က ဝမ်းသာပီတိလည်း အလွန်ဖြစ်ရပါတယ်။ ကျွန်မတို့ဆီကို အခုလိုသံလွင်သင်္ဘောကြီးနဲ့ လှိုင်းဒဏ်၊ လေဒဏ်၊ မိုးဒဏ်တွေကို မကြောက်မရွံ့ဘဲ လာရောက်ဆေးကုပေးတဲ့ အဖွဲ့တွေနဲ့ ဆေးကုသဖို့စီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ အားလုံးကိုကျွန်မတို့ ဒေသခံတစ်ယောက်အနေနဲ့သော်လည်းကောင်း၊ ဝန်ထမ်းတစ်ယောက် အနေနဲ့သော်လည်းကောင်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

၂။ ကျွန်တော်တို့ ဒေသမှာတော့ လမ်းပန်းဆက်သွယ်မှုက အားနည်းနေတဲ့အတွက် ဒီလိုမျိုး ဆေးကုသမှုတွေလာတဲ့အတွက် ကျွန်တော်တို့ ကျေးရွာတွေမှာ တော်တော်လေးလည်း အဆင်ပြေပါတယ်။ ကျွန်းစုကိုလာမယ်ဆိုရင် ကျွန်တော်တို့နေရာက ဆိုင်ကယ်နဲ့ဆို နှစ်နာရီလောက်လာရပါတယ်။ လှေနဲ့သွားမယ်ဆိုရင်လည်း မြိတ်မှာတစ်နာရီကျော် လောက် မောင်းရပါတယ်။ အခုလိုမျိုး ကျွန်တော်တို့ကို လာရောက်ကုသပေးတဲ့အတွက်လည်း အများကြီး ငွေကြေးအားဖြင့်ရော သွားရလာရတဲ့လမ်းခရီးရဲ့ ပင်ပန်းဆင်းရဲမှုတွေကိုပါ အားလုံးကောင်းသွားပါတယ်။ ငွေကြေးလည်း အများကြီးသက်သာပါတယ်။ ပြီးရင်ဆေးကုသမှုက အပြင်မှာကုသရတာနဲ့မတူပါဘူး။ တစ်နေရာထဲမှာအများကြီး ရောဂါစုံကိုကုရတဲ့အတွက်ပိုပြီး အဆင်ပြေပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ အရာရှိ၊ အရာခံတွေရော လာရောက်ကုပေးတဲ့အဖွဲ့တွေနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

သတင်းစဉ်