နေပြည်တော် ဇန်နဝါရီ ၂၀
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာ၊ ညောင်ချောင်းဘုန်းတော်ကြီးကျောင်းရှိ ရတနာသုခဓမ္မဗိမာန်တော်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၂၄ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၈၉ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၇ ဦး၊ ကလေးရောဂါ ၅၅ ဦး၊ အရိုးရောဂါ ၇၀ ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ ၃၉ ဦး၊ မျက်စိရောဂါ ၉၈ ဦး၊ သွားရောဂါ ၄၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၂၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၅ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
၎င်းအပြင် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) ပေါ်၌ ဇန်နဝါရီလ ၁၉ ရက်၊ ည ၈ နာရီ ၃၃ မိနစ်ခန့်တွင် ကျိုက်လတ်မြို့နယ်၊ ဒရယ်ချိုကျေးရွာနေ ဦးလင်းနိုင်ဦး၏ ဇနီးဖြစ်သူ ဒေါ်ဝေဝေမျိုးကို ၅ ပေါင် ၈ အောင်စရှိ သားဦးယောင်္ကျားလေးတစ်ဦးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့် ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။ အဆိုပါ ကလေးငယ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ ပေးအပ်သည့် ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ကိုယ်စားပေးအပ်ခဲ့သည်။
အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း တတိယအကြိမ် မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ၏ သမိုင်းမှတ်တမ်းတွင် ၃၁ ဦးမြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ နယ်လှည့်အထူးကုဆေးအဖွဲ့အတွက် ဆေးဝါးများနှင့် ဒေသထွက်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရသည်-
ဒေါ်သောင်းကြည်
အကြောတွေ တက်တယ်။ နံရိုးတစ်ဖက်က နာနေတယ်။ မောတယ်။ မူးတယ်။ တစ်ခါပြပြီးရင် အဘွားက သုံး လေးလလောက် သက်သာတယ်။ အလုပ်အကိုင်ကတော့ လယ်သမားပါ။ အမျိုးသားက အသက် ၇၄ နှစ်၊ ကျွန်မက ၇၈ နှစ် ရှိနေတဲ့အတွက် အလုပ်မလုပ်နိုင်လို့ သားသမီးတွေကို သီးစားချထားပြီးတဲ့အတွက်ကြောင့် လှူရေးတန်းရေး အခုလိုဆေးကုခံရေးတွေရပါတယ်။ နှစ်စဉ်နှစ်တိုင်းတောင် မကပါဘူး၊ သုံးလ တစ်ကြိမ်၊ နှစ်လတစ်ကြိမ်လောက် ဆေးလာကုပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အခုအဘွားတို့လာပြီးတော့ မိသားစုတွေ ရောဂါပေါင်းစုံလည်း ကုလို့ရပါတယ်။ ကုပေးတဲ့ဆရာဝန်တွေကိုလည်း နှစ်စဉ်နှစ်တိုင်း ကျန်းမာချမ်းသာပါစေလို့ အမြဲတမ်းမေတ္တာပို့ပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။
မသက်ထားဝေခင်
သမီးက ညောင်ချောင်းကျေးရွာကနေလာပြီးတော့ ဆေးခန်းလာပြတာပါ။ အခြေခံပညာအထက်တန်းကျောင်း( အထက သပြုဆိပ်ညောင်ချောင်း) G-10 မှာ ပညာသင်ကြားနေတာပါ။ နှလုံးအောင့်တဲ့ ရောဂါဝေဒနာနဲ့ လေအောင့်တဲ့ ရောဂါဝေဒနာကို လာပြတာပါ။ နှစ်မျိုးလုံးခံစားရတာ နှစ်နှစ်လောက် ရှိပါပြီ။ ရောဂါပြင်းထန်ရင် ဆက်တိုက်တစ်လကျော် နှစ်လလောက် ကျောင်းပျက်ခဲ့ရပါတယ်။ အခုလို လာရောက်ကုသဖို့အတွက် စေလွှတ်ပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆရာဝန်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်လည်း လာရောက်ကုသပေးဖို့အတွက် သမီးအနေနဲ့ ဖိတ်ခေါ်ချင်ပါတယ်။ အခုလိုကုသပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
မဝေဝေမျိုး
ကျွန်မတို့ရွာကို နယ်လှည့်ဆေးကုသရေးအဖွဲ့တွေရောက်လာတာနဲ့ ကျေးလက်ဆေးခန်းကနေ ဆရာမတွေကလည်း မွေးနေ့စေ့ပြီလို့ ပြောတာကြောင့် သင်္ဘောပေါ်မှာ လာရောက်မီးဖွားတာဖြစ်ပါတယ်။ ဒီသင်္ဘောပေါ်မှာ လာမီးဖွားတော့ ဆရာဝန်ကြီးတွေက စိတ်ရှည်လက်ရှည်နဲ့ ကူညီခွဲစိတ် မွေးဖွားပေးပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေ၊ ပစ္စည်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပေးအပ်ခဲ့ပါတယ်။ အပြင်မှာ မွေးဖွားမယ်ဆိုရင် ငွေကြေးကုန်ကျမယ်။ ဒီသင်္ဘောပေါ်မှာ အခမဲ့ခွဲစိတ်ပေးတဲ့အတွက် ဆရာဝန်ကြီးတွေရော ခွဲစိတ်ဆရာဝန်တွေရော ကျေးဇူးတင်ပါတယ်။ အခုလို ဆေးကုသနိုင် အောင်ကူညီပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့ တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
သတင်းစဉ်