နေပြည်တော် ဇန်နဝါရီ ၂
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတင်သွင်းနိုင်ရေး လျာထားသတ်မှတ်ချက်အလိုက် ထောက်ခံပေးခဲ့ရာ ၂၀၂၄ ခုနှစ် ဧပြီမှ ဒီဇင်ဘာအထိ မြေဩဇာတန်ချိန် ၁၄၀၃၁၄၈ ဒသမ ၂၁ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၂၆၀၄၁ ဒသမ ၆၀ တန် တင်သွင်းခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကိုလည်း ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ယခုသတ်မှတ်မည့် ရည်ညွှန်းဈေးနှုန်းများသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ရောင်းချပေးနိုင်မည့် ဈေးနှုန်းများပင်ဖြစ်ကြောင်း၊ ဦးဆောင်ကော်မတီအနေဖြင့် ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ပေးသည့်အခါတိုင်းတွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အရောင်းဆိုင်များကို ရန်ကုန်အထိုင်ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင် စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှုရှိပါက စိစစ်ကြီးကြပ်ဆောင်ရွက်ပေးရန်၊ သတ်မှတ်ရောင်းဈေးနှုန်းများ မှန်၊ မမှန်၊ သွင်းအားစုများ သိုလှောင်ပြီး ဈေးကစားခြင်းများရှိ၊ မရှိတို့ကို ကြီးကြပ်ဆောင်ရွက်ပေးရန်နှင့် သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်းကြီးကြပ်ဆောင်ရွက်ပေးရန် ပြောကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတကာဈေးနှုန်းအခြေအနေနှင့် မြေဩဇာ ဈေးနှုန်းများနှင့် ဝယ်ယူဖြန့်ဖြူးရောင်းချအသုံးပြုမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် အလယ်ကျွန်းကျေးရွာသို့ သွားရောက်ပြီး ရွှေဝါထွန်းလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဇော်ရဲအောင်၏ RAKA 666 ဝါစိုက်ခင်း၌ ဝါများခူးဆွတ်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ရွှေဝါထွန်းလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ အမှုဆောင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အသင်းသားတောင်သူများ၏ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ ရွှေဝါထွန်းလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများအနေဖြင့် တစ်ဧကလျှင် အနည်းဆုံး ပိဿာ ၆၀၀ မှ အများဆုံး ပိဿာ ၁၁၀၀ ထွက်ရှိပြီး တစ်ပိဿာပေါက်ဈေးမှာ ငွေကျပ် ၄၅၀၀ ရရှိကြောင်း သိရသည်။
သတင်းစဉ်