Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် တိုင်းရင်းသားရေးရာစင်တာ တည်ဆောက်မည့် မြေဧရိယာ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၃၁

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းပါလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာလုပ်ငန်းကိစ္စရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ထားဝယ်မြို့ ဆန်းချီရပ်ကွက်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လျာထားရန်ပုံငွေဖြင့် တည်ဆောက်သွားမည့် တိုင်းရင်းသားရေးရာစင်တာ မြေဧရိယာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏လုပ်ငန်းဆောင်တာများကို အစဉ်အမြဲ ဂရုပြုဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာကဝန်ထမ်းများကို အားပေးစကားပြောကြားပြီး ဝန်ထမ်းများ၏ ဌာနဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး၍ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်