Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၃၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တနင်္သာရီတိုင်းဒေသကြီး  သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ မြို့တော်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးသည်။

တိုက်တွန်းပြောကြား

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဆောင်ရွက်ခြင်းနှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို စနစ်တကျသေချာမှတ်သားပြီး သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် မိမိတို့ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားကြိုးမာန်တက် အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တိုင်းရင်းသားရေးရာလုပ်ငန်းကိစ္စရပ်များနှင့် ဒေသအတွင်းဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရေးရာလုပ်ငန်းကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က ထားဝယ်၊ ကရင်၊ မွန်နှင့် ဆလုံ(မော်ကယ်) တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ချီးမြှင့်ငွေများ  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်