နေပြည်တော် ဒီဇင်ဘာ ၂၅
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားပရဆေးဥယျာဉ်သို့ သွားရောက်ကာ ပရဆေးဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ ဆေးဖက်ဝင်ပရဆေးပျိုးပင်များ ပြုစုထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးဖက်ဝင်ပရဆေးပျိုးပင်များ၊ တိုင်းရင်းဆေးဝါးများ ပြည်သူများကို ရောင်းချပေးနိုင်ရေးအတွက် အရောင်းဆိုင်ဖွင့်လှစ်ဆောင်ရွက်ထားရှိရန်၊ ပြည်သူများ အပန်းဖြေအနားယူရာတွင် အဆာပြေစားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်ဖွင့်လှစ်ပေးရန် မှာကြားသည်။
ယင်းနောက် ပရဆေးဥယျာဉ်အတွင်းရှိ ဆေးဖက်ဝင်ဂမုန်းနှင့် ရောဂါကြီးခြောက်မျိုးသုံး အပင်များစိုက်ပျိုးထားသည့် ပျိုးစင်များ၊ ပရဆေးစိုက်ကွက်များ၊ တိုင်းရင်းဆေးပြတိုက်လမ်းတစ်လျှောက် လမ်းများပြုပြင်ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းဆေးပြတိုက်အတွင်းရှိ ရှေးအစဉ်အဆက်မှ သမားတော်ကြီးများ၊ နယကြီးလေးပါးဆိုင်ရာပြကွက်၊ ရေထွက်၊ မြေထွက်၊ အပင်ထွက်ပစ္စည်းများ ပြသထားရှိမှု၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနကထုတ်ဝေထားရှိသော အသိပညာပေးစာအုပ်များ၊ လက်ကမ်းစာစောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ အမှတ်တရစိုက်ပျိုးထားသည့် အပင်များ ထိန်းသိမ်းထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပတ်ဝန်းကျင်သာယာလှပရေးဆောင်ရွက်ရန်၊ ရေ၊ မြေ၊ ရာသီဥတုသဘာဝနှင့် ကိုက်ညီမှုမရှိသော စိုက်ပျိုးရန်ခက်ခဲသည့် ပရဆေးပင်များကို ဥယျာဉ်အတွင်း၌ စိုက်ပျိုးနိုင်ရန်အတွက် လက်ရှိ Greenhouse ထက် ပိုမိုကောင်းမွန်သောစနစ်ဖြင့် စိုက်ပျိုးနိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာနှီးနွှယ်ဝန်ကြီးဌာနများမှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ပြည်သူများအတွက် အပန်းဖြေစေနိုင်ပြီး တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဗဟုသုတများ၊ ပရဆေးပင်ဆိုင်ရာ ဗဟုသုတများ၊ ကျောင်းသား ကျောင်းသူများအတွက် ဗဟုသုတရရှိစေပြီး လက်တွေ့ကွင်းဆင်းလေ့လာနိုင်သော အဆင့်မီဥယျာဉ်ဖြစ်စေရေး စီစဉ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားကြောင်း သိရသည်။
သတင်းစဉ်