Skip to main content

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဂုဏ်ပြုပွဲနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၄

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဂုဏ်ပြုပွဲနှင့်ဝန်ထမ်းများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြု စိန်နားပန်မီးပုံးပျံကြီးအား အောင်မြင်စွာလွှတ်တင်ပူဇော်နိုင်ပြီး စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆုကို ရရှိခဲ့ခြင်းနှင့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအနေဖြင့် အားကစားနည်းခြောက်နည်းကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်တစ်ခုရရှိခဲ့သည့်အတွက် ဝန်ကြီးဌာနအလိုက် အဆင့်(၈)နေရာရရှိခဲ့ခြင်းတို့အတွက် ဂုဏ်ယူကြောင်း၊ အဆိုပါပြိုင်ပွဲများကို တစ်ဦးချင်းစည်းကမ်း၊ အဖွဲ့လိုက်စည်းကမ်း၊ အပြုသဘောဆောင်သည့် စိတ်ဓာတ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အတွက် ယခုကဲ့သို့အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သဖြင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြု စိန်နားပန်မီးပုံးပျံကြီးအား အောင်မြင်စွာလွှတ်တင် ပူဇော်နိုင်ပြီး “စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆု”ကို ရရှိခဲ့သည့်အတွက် ပြည်ထောင်စုဝန်ကြီးက အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရွှေတံဆိပ်တစ်ခုရရှိခဲ့ပြီး ဝန်ကြီးဌာနအလိုက် အဆင့်(၈)နေရာရရှိခဲ့သည့်အတွက် ဒုတိယဝန်ကြီးက ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်းများအလိုက် အသင်းအုပ်ချုပ်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက မိမိတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကိုတင်ပြကြရာ သက်ဆိုင်ရာဌာနအကြီးအမှူးများက ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်