နေပြည်တော် ဒီဇင်ဘာ ၂၁
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲတို့တွင် တတိယဆုရရှိခဲ့ကြသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုဆုငွေများပေးအပ်ပွဲနှင့် ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။
ပေးအပ်ချီးမြှင့်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ၌ တတိယဆုရရှိခဲ့သော ဝန်ကြီးဌာနကိုယ်စားပြုဘောလုံးအသင်းမှ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများထံ ဆုချီးမြှင့်ငွေ ကျပ်သိန်း ၁၅၀ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအလယ်တန်းကစားသမားဆုရ ကျောနံပါတ် ၂၃ အသင်းခေါင်းဆောင် အောင်အောင်ဦးအား ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီးရိုက်အားကစားပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများထံ ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း ၁၀၀ ကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပေးအပ်ရာ အားကစားသမားများက လက်ခံရယူကြပြီး ဂေါက်သီးရိုက်အားကစားသမား များကိုယ်စား အုပ်ချုပ်သူအဖွဲ့ဝင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် ဘောလုံးအားကစားသမားများကိုယ်စား အုပ်ချုပ်သူအဖွဲ့ဝင် သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲတို့တွင် တတိယဆုတံဆိပ်ရယူပေးခဲ့သော အားကစားသမားများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်