Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးတို့ကို သီးခြားစီလက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂၀

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E.Mr.CHENG Manith ကို ယနေ့မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H . E. Mr. Bounphieng CHANTHAVONG ကို မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီလက်ခံ တွေ့ဆုံသည်။

ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာများတွင် ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

လာအိုနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား သမိုင်းကြောင်းအစဉ်အလာအရ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကိုတည်ရှိပြီး နှစ်နိုင်ငံယန္တရားများမှတစ်ဆင့် ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံ ဘုံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်းအားအစရှိသည့်ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်