နေပြည်တော် ဒီဇင်ဘာ ၆
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးဌာနမှူးများက သတ်မှတ်နေရာများမှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်ပြခန်းများ၊ ရိုးရာအစားအစာရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှုများ(B2B)၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများအပါအဝင် ပြခန်းပေါင်း ၈၀ ခန့်ပြသနိုင်ရန်နှင့် ထုတ်ကုန်အမျိုးအစားများအတွက် ဆုအမျိုးအစားပေါင်း ၃၀ ပေးအပ်ချီးမြှင့်ရန် စီစဉ်လျက်ရှိကြောင်း၊ ပြပွဲနှင့်ပြိုင်ပွဲအတွက် လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများကို ဆက်လက်ဖွဲ့စည်းပြီး တာဝန်များ ခွဲဝေသတ်မှတ်၍ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများက တာဝန်ယူပြီး ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နေပြည်တော်ကောင်စီ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ယခင်ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုနေ့အခမ်းအနားမှ အတွေ့အကြုံများနှင့် အကြံပြုချက်များ၊ နေပြည်တော်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဒုတိယဥက္ကဋ္ဌက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်များ လာရောက်နိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စက်မှုဝန်ကြီးဌာနကိုယ်စားပြု အားကစားအဖွဲ့များထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက်ပြီး ပြိုင်ပွဲဝင်အားကစားသမားများအား အောင်နိုင်ရေးအမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပိုက်ကျော်ခြင်းအားကစားသမား ၁၃ ဦး၊ ပြေးခုန်ပစ် အားကစားသမားခြောက်ဦး၊ ဂေါက်သီးရိုက်အားကစားသမားခုနစ်ဦးတို့အတွက် ထောက်ပံ့ငွေများနှင့် အားကစားသမားတစ်ဦးချင်းစီအား ထောက်ပံ့ငွေ၊ အားကစားဝတ်စုံများနှင့် ဆေးဝါးများကို တာဝန်ရှိသူများထံပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ဖွင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားတက်ရောက်မည့် ဝန်ထမ်း ၃၃၂ ဦးအတွက် ထောက်ပံ့ငွေများကို အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းနှင့် အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းများသို့ ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်