နေပြည်တော် နိုဝင်ဘာ ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ယူနန်ပြည်နယ် မန်စီမြို့မှ မြန်မာနိုင်ငံနယ်စပ် ရွှေလီမြို့သို့ သွားရောက်၍ ရွှေလီမြို့ ကြယ်ဂေါင်လူဝင်မှုစစ်ဆေးရေးဂိတ် လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုလေ့လာသည်။
ထိုသို့ ကြည့်ရှုစဉ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူး Mr.Jiang Bing က ကိုးကန့်ဒေသ၌ လက်နက်ကိုင်အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်း EAO များ ထိန်းသိမ်းထားသည့် နယ်စပ်ဒေသများရှိ နယ်စပ်စစ်ဆေးရေးဂိတ်များအား လက်ရှိအခြေအနေတွင် ဝင်/ထွက်မှုများ ရပ်ဆိုင်းကာ ပိတ်သိမ်းထားရှိမှု၊ အစိုးရအချင်းချင်း အပြန်အလှန်ပူးပေါင်းညှိနှိုင်းပြီးမှသာ ပိတ်သိမ်းထားသည့် နယ်စပ်ဂိတ်များကို လိုအပ်သလို ခွင့်ပြုဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားလူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲရေးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဒေသထိန်းသိမ်းရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Tao က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ဆောင်ရွက်မှုများအပေါ် အားပေးထောက်ခံ၍ တည်ငြိမ်အေးချမ်းရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု၊ နှစ်နိုင်ငံနယ်စပ်ရှိ EAO များ ထိန်းချုပ်နယ်မြေများမှ နယ်စပ်ဝင်/ ထွက်ဂိတ်များ ပိတ်သိမ်းထားရှိမှုနှင့် တည်ငြိမ်အေးချမ်းပါက နှစ်နိုင်ငံပြည်သူများအတွက် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု၊ ပိုးလမ်းမစီမံကိန်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းများ အောင်မြင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းပြီး နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ကာ အပြန်အလှန်ကုန်စည်ကူးသန်းဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားနိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကို မူဆယ် (နန်းတော်ဂိတ်) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်တချို့ ပိတ်ထားမှုနှင့် နှစ်နိုင်ငံပြည်သူများ နန်းတော်စစ်ဆေးရေးဂိတ်မှ အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်များမှ တရားမဝင် ဝင်/ထွက်မှု မရှိစေရေးနှင့် လုံခြုံ ရေးကို အထူးအလေးဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတွင်းသို့ ဝင်ခွင့်မပြုသူများ ဝင်ရောက်မလာစေရေးနှင့် နိုင်ငံပြင်ပသို့ ထွက်ခွာခွင့်မရှိသူများ ထွက်ခွာခွင့်မပြုရေး စနစ်တကျ စိစစ်ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများထံ မလိုလားအပ်သည့် ကုန်ပစ္စည်းများ မရောက်ရှိစေရေးအတွက် နယ်စပ်ဂိတ်များပိတ်ထားသကဲ့သို့ နှစ်နိုင်ငံပြည်သူများအတွက် မဖြစ်မနေဖွင့်လှစ်သည့် နယ်စပ် ဂိတ်များတွင်လည်း စနစ်တကျ အသေးစိတ်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဘက်မှလည်း နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်နေသကဲ့သို့ တရုတ် - မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ အတူအကွပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ပြည်သူများ ဝင်ထွက်သွားလာမှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စိစစ်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်