Skip to main content

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှု

နေပြည်တော် နိုဝင်ဘာ ၂၀

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့သည် နိုဝင်ဘာ ၂ဝ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုခဲ့သည်။

ဦးစွာ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် အောင်မြင်မှုရရှိနေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို ဇုန်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ထားသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဝန်ဆောင်မှုပေးရေး၊ ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆက်လက်ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်ရေး၊ OSSC ၏ ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုကောင်းမွန်စေရေးနှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပေးရေး၊ ဇုန်အတွင်း လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် ဇုန်အတွင်းရှိလုပ်ငန်းများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။

ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်ရှိ Promotion Zone (လုပ်ငန်းမြှင့်တင်ရေးဇုန်) မှ Kubota Myanmar Co., Ltd နှင့် Free Zone (ကင်းလွတ်ဇုန်) မှ Lightion (Myanmar) Co., Ltdနှင့် Promotion Zone(လုပ်ငန်းမြှင့်တင်ရေးဇုန်) မှ Zifam Pyrex Myanmar Co., Ltd တို့၏ စက်ရုံများသို့ လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဇုန်အတွင်းစက်ရုံများ စဉ်ဆက်မပြတ်လည်ပတ်စေရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စများ၊ စက်ရုံများ ထုတ်လုပ်မှုလျာထားချက်ပြည့်မီရေးအတွက် စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရေး၊ ကုန်ချောများ လျင်မြန်စွာထုတ်လုပ်၍ ပြည်ပသို့  တင်ပို့နိုင်ရေးအတွက် ပြည်ပမှတင်သွင်းနေသည့် ကုန်ကြမ်းများ ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်နိုင်ရေးတို့နှင့် စက်ရုံများမှ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ခွင့်ပြုထားသည့် လုပ်ငန်းပေါင်း ၁၂၅ ခုရှိပြီး လက်ရှိတွင် စက်ရုံ ၁၁၄ ရုံ လည်ပတ်လျက်ရှိကာ ကင်းလွတ်ဇုန်တွင် စက်ရုံ ၃၅ ရုံနှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် စက်ရုံ ၉၄ ရုံ ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်