Skip to main content

(၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၀

(၃၅) နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အရပ်ဘက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် UNCRC ကို ၁၉၉၁ ခုနှစ်၊ သြဂုတ် ၁၅ ရက်တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး ကမ္ဘာ့ကလေးများနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ပါကြောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးများအားလုံး အကျုံးဝင်စေရေးအတွက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်မှုတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရာဂီမုန်တိုင်းကြောင့် ထိခိုက်ခံစားရသော ကလေးငယ်များအတွက် စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုအဖွဲ့များ စေလွှတ်ပြီး Early Childhood Care and Development - ECCD Kit များ ဝေငှခြင်းနှင့် ကလေးများ ပျော်ရွှင်စရာနေရာများကို ဖန်တီးပေးနိုင်ခဲ့ပါကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ် ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ်ပေးထားသည့်ဆောင်ပုဒ်မှာ “Listen to the Future” “အနာဂတ်သာယာကောင်းမွန်ရေး ကလေးများအသံ နားထောင်ပေး” ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ ကလေးသူငယ်များ၏ အသံနှင့် လိုအပ်ချက်များကို ဦးစားပေးခြင်းအားဖြင့် ကလေးသူငယ်အခွင့်အရေးများအား ကလေးများ အားလုံးရရှိခံစားနိုင်ရန်၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်းတူညီမျှ ပါဝင်ဆောင်ရွက်နိုင်ရန်၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးမဆုံးရှုံးစေရန်နှင့် ကလေးများအားလုံး တန်းတူညီမျှရရှိနိုင်ရန် ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကလေးမိဘများ၊ ပြည်သူလူထုတစ်ရပ်လုံး သက်ဆိုင်ရာကဏ္ဍအသီးသီးမှ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကလေးသူငယ်များ အခွင့်အရေးအကောင်အထည်ဖော်ဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုကိုပြသသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ နေပြည်တော် ကလေးပြုစုရေးဌာနမှ ကလေးများ၏ ဗာရာဏသီအက၊ နေပြည်တော်တွင် ယာယီဖွင့်လှစ်ထားသော လူငယ်သင်တန်းကျောင်းမှ ကျောင်းသားလေးများ၏ တောင်ယာဝင်ချိန်အက၊ နားမကြားသောကလေးများကျောင်း (မန္တလေး) မှ ကျောင်းသား ကျောင်းသူများ၏ လွိုင်ကထုံအက၊ ရန်ကုန်အမျိုးသမီးကလေးများကျောင်း (မလိခ) နှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းတို့မှ တူနှစ်သွယ်နှစ်ပါးသွားအကတို့ဖြင့် သရုပ်ဖော်တင်ဆက်ကပြကြရာ ပြည်ထောင်စုဝန်ကြီးက ကလေးများကို ဂုဏ်ပြုလက်ဆောင်နှင့် ဆုတော်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်