Skip to main content

တရုတ်ဘာသာစကားပြော HSK-II သင်တန်းဖွင့်

နေပြည်တော် နိုဝင်ဘာ ၁၉

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တရုတ်ဘာသာစကားပြော HSK-II သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် တာဝန်ရှိသူများ၊ ဖူးကျင့်နိုင်ငံတကာဘာသာစကား သင်တန်းကျောင်းတာဝန်ခံ ကျောင်းအုပ်ကြီး ဦးစက်တီးနှင့် သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး နယ်ရုံးခွဲများမှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းမှာဝန်ဆောင်မှုကို အဓိကထား ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သဖြင့် လာရောက်လည်ပတ်ကြသည့် ခရီးသည်များကို ၎င်းတို့၏ ဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးမှာ အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့် တရုတ်ဘာသာစကား ပြောသင်တန်းများအပြင်အင်္ဂလိပ်၊ ရုရှား၊ဂျပန်၊ ကိုရီးယားနှင့် ထိုင်းအစရှိသည့် ဘာသာစကားသင်တန်းများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ယခုဘာသာစကားသင်တန်းကို တက်ရောက်သင်ကြားကြမည့် သင်တန်းသား သင်တန်းသူများအနေဖြင့် ကျွမ်းကျင်တတ်မြောက်အောင် သင်ယူကြပြီးဝန်ကြီးဌာနမှအားကိုး အားထားပြုရသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် ဖူးကျင့်နိုင်ငံတကာ ဘာသာစကား သင်တန်းကျောင်းတာဝန်ခံ ကျောင်းအုပ်ကြီး ဦးစက်တီးက ဆက်လက်သင်ကြားပို့ချပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တရုတ်ဘာသာစကားပြော HSK-II သင်တန်း ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားသည်။ အဆိုပါ တရုတ်ဘာသာစကားပြောသင်တန်း HSK-II ကို သင်တန်းကာလ နှစ်လကြာသင်ကြားပို့ချသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သွားမည် ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် Yangon International Hotel ၏ဥက္ကဋ္ဌ Mr. KOKI ONODERA ကို ဝန်ကြီးရုံး ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ဂျပန်နိုင်ငံတွင် မြှင့်တင်ကြော်ငြာသွားမည့် ကိစ္စရပ်များ၊ ဂျပန်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရေးအတွက် ဖိတ်ခေါ်သွားမည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းများကို ဂျပန်လူမျိုးများ သိရှိအောင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်