နေပြည်တော် နိုဝင်ဘာ ၁၄
Naypyitaw State Academy မှ ဥပဒေအထူးပြု ကျောင်းသားများ ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်ကြားပို့ချ
သင်တန်းဆင်းပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက သင်တန်းတွင် Naypyitaw State Academy မှ ဥပဒေအထူးပြုကျောင်းသားများကို ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနလေးခုတို့၏ လက်တွေ့လုပ်ငန်းများကို ရက်သတ္တ ခြောက်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ပါကြောင်း။
အထောက်အကူပြုမည်
ထို့ပြင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် လုပ်ငန်းသဘာဝအရ ဆက်စပ်ဆောင်ရွက်ရသည့်အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ခရိုင်နှင့် မြို့နယ်တရားရုံးများ၊ အမျိုးသားစာကြည့်တိုက်၊ ဥပဒေရေးရာဝန်ကြီးဌာန စာကြည့်တိုက်၊ နေပြည်တော်ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်းတို့ကိုလည်း လေ့လာရေးခရီးစဉ်များ စီစဉ် ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းမှရရှိမည့် အတွေ့အကြုံများသည် တက္ကသိုလ်မှ ဘွဲ့ရပြီးပါက ဥပဒေပညာရှင်အဖြစ် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်သည့်အခါ များစွာအထောက်အကူပြုမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
တက်ရောက်
သင်တန်းဆင်းပွဲသို့ ဝန်ကြီးဌာနနှင့် Naypyitaw State Academy မှ တာဝန်ရှိသူများ၊ ဥပဒေအထူးပြု ကျောင်းသားများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်