Skip to main content

ဆီးချိုသွေးချိုရောဂါအန္တရာယ်ကို တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ကျန်းမာရေးပြဿနာအဖြစ် အလေးထား ရောဂါကာကွယ်ကုသခြင်းနှင့် ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆေးပညာရှင်များနှင့် ပြည်သူလူထုစုပေါင်းအားဖြင့် ပိုမိုတိုးမြှင့်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၄

(၂၀၂၄) ခုနှစ် ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း Theater ခန်းမ၌ ကျင်းပသည်။

အသိပညာပေး

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆီးချိုသွေးချိုရောဂါသည် အရွယ်မတိုင်မီသေဆုံးမှု (Premature Death) ကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူ ၁ဝ ဦးလျှင် တစ်ဦးခန့်တွင် ဆီးချိုသွေးချို ဖြစ်ပွားနေကြောင်းနှင့် နောင်လာမည့်ဆယ်စုနှစ်များအတွင်း ဆီးချိုသွေးချိုဖြစ်ပွားနှုန်း ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ် (IDF)၏ အချက်အလက်များ အရသိရှိရကြောင်း၊ ယခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Empowering Global Health” ဖြစ်ပြီး “အားလုံး သက်ရှည်ကျန်းမာဖို့၊ ဆီးချိုရောဂါ ကာကွယ်ထိန်းသိမ်းလို့၊ ပူးပေါင်းလက်တွဲဆောင်ရွက်စို့”ဟု မြန်မာဘာသာပြန်ဆိုထားပြီး ဆီးချို သွေးချို ရောဂါအန္တရာယ်ကို တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ကျန်းမာရေးပြဿနာအဖြစ် အလေးထားပြီး ရောဂါကာကွယ်ကုသခြင်းနှင့် ရောဂါထိန်းချုပ်ခြင်းဆိုင်ရာ အခြေခံအရေးကြီးသည့်အချက်များကို ကမ္ဘာတစ်ဝန်းရှိ ပြည်သူလူထုကို အသိပညာပေးရန်၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆေးပညာရှင်များနှင့် ပြည်သူလူထုစုပေါင်းအားဖြင့် ပိုမိုတိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းလိုခြင်းဖြစ်ကြောင်း။

ကျန်းမာရေးစောင့်ရှောက်မှုပေး

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသမှ ပြည်သူများ ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေရေးအတွက် ကျေးလက်ကျန်းမာရေးဌာနများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိပြီး ကုသမှုအတွက် လိုအပ်သော အခြေခံဆေးများနှင့် ဆေးပစ္စည်းများကို ဝယ်ယူပံ့ပိုးပေးလျက်ရှိပါကြောင်း၊ လက်ရှိတွင် ဆေးခန်း ၇၅၁၆ ခု ဖွင့်လှစ်ထားရှိကြောင်း၊ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် ကုသမှုရရှိစေပြီး နောက်ဆက်တွဲရောဂါဝေဒနာ များ ခံစားရခြင်းမှ ကာကွယ်နိုင်ရန်နှင့် ဆီးချို သွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်မားစေရန်အတွက် ဆီးချို သွေးချိုပညာပေးကုသဌာန (Center of Excellence for  Diabetes) များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီးလေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားရှိပြီး ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

လှည့်လှည်ကြည့်ရှု

ယင်းနောက် (၂၀၂၄) ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုပြသပြီး ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လှည်ကြည့်ရှုသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံဟော်မုန်းရောဂါအထူးကုဆေးပညာရှင်အဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ တက်ရောက်ကြသည်။

ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အစီအစဉ်တစ်ရပ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဆီးချို သွေးချိုဝေဒနာရှင်ဝန်ထမ်းများ ကျန်းမာရေးစစ်ဆေးပေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀၀၀) ရှိ ဆီးချို သွေးချို ပညာပေးကုသဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်