Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ ဒုတိယဝန်ကြီးချုပ်များဦးဆောင်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၁၄

ပုသိမ်မြို့ ချောင်းသာကမ်းခြေ၌ ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr.Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေ၌ လှည့်လည်ကြည့်ရှုအနားယူအပန်းဖြေကြပြီး ချောင်းသာမြို့အဝင်၌ ရုရှား - မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ခရေပင်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr.Iskander Azizov နှင့်အတူ စိုက်ပျိုးပေးကြသည်။

ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်လေဆိပ်မှတစ်ဆင့် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများသည် ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့် အဖွဲ့အား နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လေကြောင်းခရီးသွားလာမှုနှင့် ပြည်သူအချင်းချင်းဆက်ဆံမှုတိုးမြှင့်ရေးအပါအဝင် ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စက်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ပညာရေးစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အလားအလာများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြ သည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးချုပ်များနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနများမှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ညပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့် အဖွဲ့အား Aureum Palace Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။

ထို့နောက် ဘူရားတီးရား ပြည်နယ်အကြီးအကဲနှင့် အဖွဲ့သည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်၍ အလှူငွေများ လှူဒါန်းကြကာ ရတနာဆင်ဖြူတော်အဆောင်ရှိ ဆင်ဖြူတော်များကို အာဟာရဖြည့်စွက်စာများ ကျွေးမွေးခဲ့ကြသည်။

သတင်းစဉ်