နေပြည်တော် နိုင်ဝင်ဘာ ၁၃
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက်က ပေကျင်းမြို့ရှိ China National Petroleum Corporation (CNPC) ၏ ဧည့်ခန်းမဆောင်၌ CNPC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
ဆွေးနွေးစဉ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်း စီမံကိန်းများအတွက်လိုအပ်သည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိနိုင်ရေး၊ မြန်မာနှင့်တရုတ်နှစ်နိုင်ငံလုံးသည် သဘာဝဓာတ်ငွေ့လိုအပ် ချက်များရှိနေ၍ မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီးရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာ-တရုတ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းရည်အပြည့် အသုံးပြုနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ ပိုက်လိုင်းများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ပူးပေါင်းဆောင်ရွက်
မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်တွင် ပေကျင်းမြို့ရှိ အမျိုးသား စွမ်းအင်အုပ်ချုပ်မှုအဖွဲ့ (National Energy Administration-NEA)၏ အစည်းအဝေးခန်းမဆောင်၌ ဒုတိယအကြီးအကဲ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ၊ စွမ်းအင်ဖူလုံမှုနှင့်လုံခြုံမှုအတွက် နှစ်နိုင်ငံဆောင်ရွက်နေသည့် အခြေအနေများ၊ Green Energy နှင့် New Energy များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍတွင် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရအချက်အချာကျသည့် အားသာချက်ကိုရယူ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် တရုတ်နိုင်ငံမှ ဆောင်ရွက်ပေးနိုင်သည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၏ တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ညီလာခံတွင်ဆွေးနွေးခဲ့သည့် ခေါင်းစဉ်အား ကြိုဆိုခဲ့ပြီး နှစ်ဦးနှစ်ဖက်အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အကောင်အထည်ဖော်ဆောင်ရွက်
ဆက်လက်၍ Sino - pipeline International (SPI) ၏ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့က ပြည်ထောင်စုဝန်ကြီးအား တည်းခိုသည့်နေရာသို့လာရောက်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် တွေ့ဆုံခဲ့မှုရလဒ်များအပေါ်တွင် လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးပွဲများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာသံရုံး၊ ပေကျင်းမြို့မှ သံမှူးကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်