နေပြည်တော် နိုဝင်ဘာ ၁၁
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် ရေကူးနည်းပြသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ရေကူးအားကစား နည်းသည်အိုလံပစ်အားကစား နည်းဖြစ်သည့်အပြင် ဆုတံဆိပ်များစွာ မျှော်မှန်းနိုင်သည့် အားကစားနည်းဖြစ်သည့်အတွက် ရေကူးအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး ခေတ်မီတိုးတက် သိပ္ပံနည်းကျသည့် နည်းစနစ်များ၊ နည်းဗျူဟာများ၊ ခေါင်းဆောင်မှုအရည်အချင်းများကို မျက်ခြည်ပြတ်မသွားစေရန် ပြည်တွင်း၌ သင်တန်းများဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နည်းပြများ၊ ဒိုင်လူကြီးများနှင့် အားကစားတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသူများကို ပြည်ပနိုင်ငံများသို့ နိုင်ငံတကာအားကစားအတွေ့အကြုံများ ရယူနိုင်ရန် စေလွှတ်ပေးလျက်ရှိကြောင်း။
သင်တန်းတွင် သင်တန်းသားများအနေဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမှုများကို မိမိတို့ ရှိပြီးသား အတွေ့အကြုံကောင်းများနှင့် ပေါင်းစပ်ပြီး မြန်မာ့ရေကူးအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အစွမ်းကုန်ပြန်လည်အသုံးချ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် စာတွေ့၊ လက်တွေ့ ပို့ချသင်ကြားပေးမည့် ကမ္ဘာ့ရေကူးအဖွဲ့ချုပ်က တာဝန်ပေးအပ်သော နည်းစနစ်ကျွမ်းကျင်သူ အမေရိကန်နိုင်ငံမှ Mr. Buddhi Manoj Abeysinghe က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အဆိုပါသင်တန်းကို သင်တန်းသား သင်တန်းသူ ၂၉ ဦးဖြင့် နိုဝင်ဘာ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်