Skip to main content

အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ ခေတ်မီလက်မှုပညာသင်တန်းကျောင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားနှင့် အဝတ်အထည်ချုပ်လုပ်မှုသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၁

အထည်အလိပ်နှင့်အဝတ်အထည်ဆိုင်ရာ ခေတ်မီလက်မှုပညာသင်တန်းကျောင်းစီမံကိန်း ဖွင့်ပွဲအခမ်းအနားနှင့် အဝတ်အထည်ချုပ်လုပ်မှု သင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နေပြည်တော်စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ၊ Guangxi Economic and Trade Vocational Institute (GXETVI)၊ Shenzhen Bok Times Technology and Development Co., Ltd. နှင့် Nanning Orient Daytonz Imp. & Exp. Co., Ltd. မှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ သင်တန်းဆင်း သင်တန်းသားများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဝတ်အထည်နှင့် အထည်ချုပ်ဆိုင်ရာစီမံကိန်းနှစ်ခုဖြစ်သည့် Modern Craftsmanship Institute for Textile and clothing နှင့် Textile and Apparel Industry Workers Training Center - Luban Workshop တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangxi Economic and Trade Vocational Institute (GXETVI) နှင့် နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အထည်ချုပ်သင်တန်းများကို စနစ်တကျသင်ရိုးညွှန်းတမ်းများရေးဆွဲ၍ သင်ကြားလေ့ကျင့်ခြင်းဖြင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် ဒေသတွင်း အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangxi Economic and Trade Vocational Institute မှ ကျောင်းအုပ်ကြီး Mr. Luo Shengfang ၊ Nanning Orient Dayjtonz Imp and Exp Co., Ltd. မှ General Manager Mr. Xie Weidong တို့က အမှာစကားများပြောကြားကြပြီး အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)တွင် အထည်ချုပ်သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများကို Mr. Xie Wei-dong နှင့် အမှတ်(၂) စက်မှုသင်တန်း ကျောင်း (မန္တလေး) ကျောင်းအုပ် ကြီးတို့ကလဲလှယ်၍ အထည် အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ ခေတ်မီလက်မှုသင်တန်းကျောင်းစီမံကိန်း ဆောင်ရွက်ခဲ့မှုမှတ်တမ်းဗီဒီယိုပြသသည်။

ထို့နောက် အမှတ်(၂)စက်မှု သင်တန်းကျောင်း(မန္တလေး)ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များ၊ Guangxi Economic and Trade Vocational Institute မှ ကျောင်းအုပ်ကြီး Mr. Luo Shengfang က သင်တန်းပြီးမြောက်သူများ စာရင်းကိုဖတ်ကြား၍ ဆုရရှိသော သင်တန်းသားများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမှတ်(၂)စက်မှု သင်တန်းကျောင်း(မန္တလေး)သို့ ထောက်ပံ့လှူဒါန်းမည့် သင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းများ ဆောင်ရွက်ကြပြီး စီမံကိန်း ကမ္ပည်းမော်ကွန်းအား ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ Guangxi Economic and Trade Vocational Institute မှ ကျောင်းအုပ်ကြီး၊ Nanning Orient Dayjtonz Imp and Exp Co., Ltd. မှ General Manager တို့က အမွှေးနံ့သာဖြင့်ပက်ဖျန်းပြီး ဒုတိယဝန်ကြီးနှင့်အခမ်းအနား တက်ရောက်လာသူများသည် သင်တန်းခန်းမအတွင်း သင်တန်းဆင်း Project များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်