ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် ကိုယ်ပိုင်စာပေယဉ်ကျေးမှုများဖြင့် တင့်တယ်စွာနေထိုင်ခဲ့သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှများအားလုံးသည် နေရင်းဒေသအသီးသီးတွင် ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲ၍ စုပေါင်းနေထိုင်လာခဲ့ကြသည်။ ဤသည်ပင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲလာမှုကို သက်သေပြလျက်ရှိသည်။
ဤသို့ နှစ်ပေါင်းထောင်ချီ စုစုစည်းစည်းနေထိုင်လာခဲ့ကြပြီး ၁၈၈၅ ခုနှစ်တွင် တစ်နိုင်ငံလုံး လွတ်လပ်ရေးဆုံးရှုံးခဲ့သည့်အခါ ပြည်ထောင်စုကြီး၏ ဒေသအသီးသီးတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ကိုလိုနီနယ်ချဲ့နှင့်ဖက်ဆစ်တို့ကို စည်းလုံးညီညွတ်မှုဖြင့် တွန်းလှန်တိုက်ထုတ်ပြီး ဆုံးရှုံးခဲ့သောလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူခဲ့ကြသည်။ ဤသည်ပင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရှင်သန်ဖွံ့ဖြိုးလာခဲ့သော တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံချစ်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ သူ့ကျွန်မခံလိုသည့်စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းနေကြောင်း သက်သေညွှန်းဆို ဖော်ပြလျက်ရှိသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် ကိုလိုနီနယ်ချဲ့တို့၏ နှစ်ပေါင်းတစ်ရာကျော် သွေးခွဲအုပ်ချုပ်ခဲ့သည့် ဆိုးမွေကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ အချင်းချင်း အထင်အမြင်လွဲမှားကာ တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများဖြင့် မတည်ငြိမ်မှုများ၊ မအေးချမ်းသည့်ကာလများရှိခဲ့သည်။ ထို့နောက် ပြည်ထောင်စုကြီး၏ ပကတိအနှစ်သာရဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ချုပ်ဆိုပြီး NCA သဘောတူညီချက် များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး အချို့အဖွဲ့များက လက်နက်ကိုင်လမ်းစဉ်ဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်လျက်ရှိသည်။
ယနေ့နိုင်ငံတော်တွင် ကြုံတွေ့နေရသည့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှု များကို လက်နက်စွဲကိုင်ပြီး တိုက်ပွဲများဖော်ဆောင်ခြင်း၊ အကြမ်းဖက်မှုများဖြင့် ဖြေရှင်းနေသောကြောင့် ဆိုးမွေများကို ဒေသခံတိုင်းရင်းသားပြည်သူများသာ ကြုံတွေ့ခံစားနေကြရသည်ကို ကိုယ်ချင်းစာနာစိတ်ဖြင့် ရှုမြင်ကြရမည်ဖြစ်သည်။ ထို့ကြောင့်တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းနည်းလမ်းဖြင့် NCA လမ်းကြောင်းအတိုင်း လိုက်ပါဆောင်ရွက်နိုင်ရေးသက်ဆိုင်သူများအား နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ်အသိပေးတိုက်တွန်းလျက်ရှိသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ မငြိမ်းချမ်းသည့် ပဋိပက္ခများချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူများ၏ဘဝ ငြိမ်းချမ်းသာယာဝပြောရေးအတွက် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးရာတွင် “ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိပါကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း၊ MNDAA ၊ TNLA နှင့် AA အဖွဲ့ သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားလာကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျှင် မိမိတို့အနေဖြင့် ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်မှစတင်၍ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ကြေညထားသည့်ကာလအတွင်း လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်ကတုံ့ပြန်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ တိုင်းရင်းသားဒေသများကို အကြောင်းမဲ့သက်သက်တိုက်ခိုက်ခြင်း အလျှင်းမရှိပေ။ MNDAA ၊ TNLA နှင့် AA သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ၂၀၂၂ ခုနှစ် ဧပြီလကငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA အဖွဲ့အနေဖြင့် ၎င်းတို့၏အထူးဒေသ(၁)ကို ပြန်လည်အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသတွင်ရှိသည့် တပ်မတော်လုံခြုံရေးစခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က အင်အားသုံးစတင်တိုက်ခိုက်ခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံအစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့သော်လည်း ၎င်းတို့သည် သဘောတူညီချက်ကိုချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့သည်။ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကို နိုင်ငံရေးအရမဖြေရှင်းဘဲ လက်နက်စွဲကိုင်ပြီး တိုက်ပွဲများဖော်ဆောင်ခြင်း၊ အကြမ်းဖက်မှုများပြုလုပ်ခြင်းသည် ဒေသခံတိုင်းရင်းသားပြည်သူများသာ ဆင်းရဲဒုက္ခမျိုးစုံတို့ကို ခံစားနေကြရသည်ဖြစ်ရာ ဆွေးနွေးညှိနှိုင်းအဖြေရှာသော နည်းလမ်းဖြင့် NCA လမ်းကြောင်းအတိုင်း လိုက်ပါဆောင်ရွက်နိုင်ရေး သက်ဆိုင်သူများအား အသိပေးတိုက်တွန်းအပ်ပါကြောင်း။ ။