Skip to main content

စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး အလေးထားဆောင်ရွက်ပေးရမည်

နေပြည်တော် နိုဝင်ဘာ ၉    

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးဦးစီးဌာနမှူးတို့က စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ စက်မှုဇုန်ဥပဒေပါ ပြဋ္ဌာန်းချက်အရ စက်မှုဇုန်အရွယ်အစား၊ စက်မှုဇုန်အမျိုးအစား၊ စက်မှုဇုန်အဆင့်အတန်းသတ်မှတ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ လျှပ်စစ်ကြောင့် ထိခိုက်ဆုံးရှုံးမှုမရှိစေရေး၊ ဘွိုင်လာများ စွမ်းအားပြည့်အသုံးပြုနိုင်ရေး၊ စက်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

စဉ်ဆက်မပြတ်လေ့လာသင်ယူ

ပြည်တွင်းရှိစက်မှုဇုန်များအား စက်မှုဇုန်အဆင့်အတန်း တစ်ပြေးညီသတ်မှတ်နိုင်ရေးအတွက် နည်းဥပဒေတွင် မြေအသုံးချမှု အင်္ဂါရပ်များနှင့် ကိုက်ညီခြင်း၊ အကောက်ခွန်ကြီးကြပ်မှု၊ ကုန်လှောင်ရုံစနစ်ပါရှိခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံစွာပါရှိခြင်း၊ အထူးစီးပွားရေးဇုန်များ၊ အခြားစီးပွားရေးဇုန်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းစသည့်အချက်ငါးချက်ကို အခြေခံ၍ စစ်ဆေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံအချက်ငါးချက်နှင့်ပတ်သက်သည့် အချက်ခွဲများအလိုက် အမှတ်ပေးမှု စနစ်များကို ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်၍ တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များ မြင့်မားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြရန်နှင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အဂတိတရားကင်းကင်းဖြင့် ကျေပွန်စွာထမ်းဆောင်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန်အတွင်းရှိ ဒုံးပျံအဆင့်မြင့်ဂျုံစက်သို့ ရောက်ရှိပြီး လုပ်ငန်းရှင်၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကာ စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်နေမှု လုပ်ငန်းစဉ်ဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်