Skip to main content

သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့ ပညာရပ်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချ၍ ပြည်သူလူထုက အားကိုးထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ကြိုးစား

နေပြည်တော် နိုဝင်ဘာ ၈

မြန်မာနိုင်ငံ သစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်း ကျွန်းရတနာ  ခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ သစ်တော ကျောင်းသည် ၁၈၉၈ ခုနှစ်မှစပြီး အခြေခံသစ်တောပညာရပ်များကို သင်ကြားပို့ချပေးခဲ့ရာ ယခု ၁၂၆ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက် ဆက် သစ်တောအမှုထမ်းကောင်း များစွာမွေးထုတ်ပေးနိုင်ခဲ့ရာ ယနေ့အထိ ၆၆၁၄ ဦးရှိပြီဖြစ် ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စည်းကမ်းပြည့်ဝ၍ စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းကောင်းများဖြစ်စေရန် ရည်ရွယ်ကာ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ ရေရှည်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရန် ခေတ်စနစ်နှင့်အညီ လေ့လာကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့ပညာရပ်များနှင့် အတွေ့ အကြုံများကိုပေါင်းစပ်ပြီး ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချ၍ ပြည်သူလူထုက အားကိုးထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဘက်စုံထူးချွန် ကျောင်းသားဆု၊ စာပေထူးချွန်ကျောင်းသားဆု၊ လက်တွေ့ထူးချွန်ကျောင်းသားဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကိုလည်းကောင်း၊ တာဝန်ရှိသူများက အဆင့်အလိုက်ထူးချွန်ဆုရသူများနှင့် ဘာသာရပ်ထူးချွန်ဆုရသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းကျောင်းသားများနှင့် မိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် အင်းယားသစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင် ၅၈၀၀၀ ကျော် ပျိုးထောင်ထားမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်