Skip to main content

ရှမ်းပြည်နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးမှုများကို မူလအခြေအနေသို့ရောက်ရှိအောင် အမြန်ဆုံးပြုပြင်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၇

ရှမ်းပြည်နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးခဲ့သော လမ်း၊ တံတားများ ပြုပြင်ဆောင်ရွက်မှု အခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လမ်းဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့မှ ညွှန်ကြားရေးမှူးများက ရှမ်းပြည်နယ်အတွင်း သဘာဝဘေးကြောင့် လမ်းများပျက်စီးမှု အခြေအနေ၊ လတ်တလော ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး တံတားဦးစီးဌာန အင်ဂျင်နီယာချုပ်၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ရှမ်းပြည်နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးမှုများကို မူလအခြေအနေသို့ရောက်ရှိအောင် အမြန်ဆုံးပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ငန်းစီမံချက်အတိုင်း အချိန်မီပြီးစီးရေး
တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ပုံငွေသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ထို့နောက် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ တိုးချဲ့ဆောင် တည်ဆောက်မည့်နေရာနှင့် ခြောက်ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ဆေးရုံအတွင်း ပြုပြင်ဆောင် ရွက်နေသည်များ၊ တောင်ကြီးမြို့ရှောင်လမ်းဖြစ်သော အရှည် ၁၇ မိုင် လေးဖာလုံ ရှိသည့် လေးမိုင်ကွေ့- ညိုမီး - လင်ကွင်း- ရွှေညောင်လမ်းတို့ကို စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် ခရိုင်အဆင့် အရာထမ်းဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်