နေပြည်တော် နိုဝင်ဘာ ၇
နေပြည်တော်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၌ နားခိုလျက်ရှိကြသည့် တပ်မတော်သား အငြိမ်းစားများနှင့် မိသားစုဝင်ဘိုးဘွားများအတွက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ သွားရောက်၍ ငွေကျပ်သန်း ၂၀ ပေးအပ်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း) က တပ်မတော်သားဖြစ်ခဲ့သူတစ်ဦးအနေဖြင့် သက်ကြီးရွယ်အိုစစ်မှုထမ်းဟောင်းများအား ယခုကဲ့သို့ စောင့်ရှောက်နေသည့် မွန်မြတ်လှသော ပရဟိတလုပ်ငန်းကြီး ဖြစ်တည်လာရခြင်းကို အလွန်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်းနှင့် စွန့်လွှတ်စွန့်စားသူများ၏ ကွန်းခိုရာကရုဏာကမ္ဘာဘိုးဘွားရိပ်သာ အဓွန့်ရှည် တည်မြဲရေးအတွက် နှစ်စဉ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လှူဒါန်းငွေများအား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌက ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်သိန်းထွန်း (ငြိမ်း) ထံသို့ ပေးအပ်လှူဒါန်းပြီး တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်