နေပြည်တော် နိုဝင်ဘာ ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ ကွင်းအမှတ် (၁၆၂၃) ရှိ ယာယီရှင်းလင်းဆောင်၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် ဆောင်းသီးနှံမတ်ပဲနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ရာသီသီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားများ တိုးတက်လာစေရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးပြီး ဆောင်းသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေကြာနှင့် မတ်ပဲမျိုးစေ့များကို တောင်သူများထံ ထောက်ပံ့ပေးအပ်သည်။
ကြည့်ရှုအားပေး
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တောင်သူများနှင့်အတူ ဘဲကုန်းကျေးရွာ ကွင်းအမှတ် (၁၆၂၃) ရှိ စိုက်ဧရိယာ သုညဒသမ ၅၀ ပေါ်တွင် ရေကြီးနစ်မြုပ်ပြီး သဲနုန်းဖုံးလွှမ်းသွားသော လယ်မြေများတွင် လက်တွေ့စမ်းသပ်စိုက်ကွက်၌ စပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ဂျုံနှင့် နေကြာသီးနှံများ စမ်းသပ်စိုက်ပျိုးထားရှိမှု၊ သပြေကုန်းကျေးရွာ ကွင်းအမှတ် (၁၆၄၃) စိုက်ဧရိယာခုနစ်ဧကပေါ်တွင် TBL မျိုးစေ့ထုတ်ကုမ္ပဏီက စိုက်ပျိုးထုတ်လုပ်ထားသည့် မျိုးစေ့များကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်