နေပြည်တော် နိုဝင်ဘာ ၂
သာစည်၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၁ ရက် ည ၁၀ နာရီ ၁၀ မိနစ်တွင် သာစည်မြို့နယ် လှိုင်းတက်ကျေးရွာအုပ်စု စိုက်ပျိုးရေးကျေးရွာအနီးတွင် စည်သူထိုက်၊ သီဟအောင်နှင့် မျိုးမင်းဦးတို့ သုံးဦးအား Light Truck ယာဉ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ကိုလည်းကောင်း၊ အလားတူ နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံ မြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု ပန်ဟုန်းကျေးရွာအနီးတွင် အားဂျိုမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ထို့အတူ နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဟွေရုန်း ကျေးရွာအနီးတွင် မြလှ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်